ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ အိန္ဒိယဒန့်သလွန်မျိုး စီးပွားဖြစ်စိုက်ပျိုးမှုများလာ

ရေစကြို ဒီဇင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ အိန္ဒိယဒန့်သလွန်မျိုးများ စီးပွားဖြစ် စိုက်ပျိုးမှုများလာကြောင်း ညောင်ဦးမြို့နယ် အိန္ဒိယဒန့်သလွန် စီးပွားဖြစ်စိုက်ပျိုးနေသည့် သစ်ထောင့်ကျွန်းကျေးရွာ ဦးအေးကိုထံက သိရသည်။

ညောင်ဦးမြို့နယ်ရှိ ကျေးလက်တောင်သူများသည် အိန္ဒိယဒန့်သလွန်မျိုး MPK1 ဒန့်သလွန်မျိုးကို စီးပွားဖြစ်စိုက်ပျိုးလာရာ ထွက်ရှိလာသည့် ဒန့်သလွန်သီးများအား ရန်ကုန်၊ မန္တလေးမြို့ကြီးများသို့ ပွဲစားများမှတစ်ဆင့် ရောင်းချခြင်း၊ စိုက်ပျိုးသည့် တောင်သူများကိုယ်တိုင် သွားရောက်ရောင်းချခြင်းများဖြင့် ဒန့်သလွန်ဈေးကွက် ရှိနေပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ် သစ်ထောင့်ရွာ ဒန့်သလွန် တစ်ဧကခွဲစိုက်ပျိုးထားသည့် ဦးအေးကိုက ပြောသည်။

အိန္ဒိယဒန့်သလွန်မျိုး အစေ့တစ်စေ့လျှင် ၁၀၀ ကျပ် ပေးဝယ်ရပြီး ပျိုးထောင်စိုက်ပျိုးကြောင်း၊ ပျိုးထောင်ချိန် ၁၅ ရက်ရှိလျှင် စိုက်မည့်မြေနေရာသို့ ရွှေ့စိုက်၍ရကာ ခြောက်လရှိလျှင် အပွင့်စတင်ပွင့်ကာ အသီးသီးကြောင်း၊ စိုက်ပျိုးရာတွင် ၉ ပေပတ်လည်စိုက်ပြီး ဖြစ်ထွန်းလာသည့် ဒန့်သလွန်ပင်မြင့်ပြီး ရှည်မျှောမသွားစေရန် ခေါင်ကိုင်းဖြတ် ဖြတ်ပေးမှသာ အပင်မမြင့်တော့ဘဲ အခက်အလက်ဖြာထွက်ကာ ပင်စည်တုတ်လာကြောင်း သိရသည်။

ဒန့်သလွန်ရွက်ပင်မှ ထွက်ရှိသည့် အသီး၊ အရွက်ကုန်ကြမ်းများမှ အဆင့်မြင့်ကုန်ချောထုတ်လုပ်ကာ ပြည်ပနိုင်ငံများဖြစ်သည့် ဂျပန်၊ စင်ကာပူ၊ အိန္ဒိယနိုင်ငံများမှ ဝယ်လိုအားများလာကြောင်းနှင့် မြို့ကြီးများသို့ ဒန့်သလွန်သီး(အတောင့်) အရေအတွက်နှင့် ရောင်းချနေရကြောင်းသိရကာ ဒန့်သလွန်သီးတစ်တောင့်လျှင် ၁၃၀ ကျပ် အထက်ရောင်းချရကြောင်း ဒန့်သလွန်စိုက်ပျိုးရောင်းချသူများက ပြောပြသည်။

ဒန့်သလွန်စိုက်ပျိုးရာတွင် ရေပေးရန် ရေမြောင်းလုပ်ထားရကြောင်း၊ ရေကြိုက်သော်လည်း ရေဝပ်လျှင် အပင်မဖြစ်ထွန်းကြောင်း (ရေဝပ်တာမကြိုက်) နှင့် တစ်နှစ်လျှင် သုံးကြိမ်သီးပြီး အပင်ကိုင်းများ ခုတ်ဖြတ်ပစ်ရကြောင်း၊ ဒေသမျိုးရင်း ဒန့်သလွန်ပင်များအား အိမ်ခြံစည်းရိုးနှင့် ယာခင်းစပ်များတွင် ဟင်းချက်စားသုံးရန်သာ စိုက်ပျိုးကြကာ ယခုအခါ အိန္ဒိယဒန့်သလွန်မျိုးများ စီးပွားဖြစ် စိုက်ပျိုးသူ များလာနေပြီဖြစ်ကြောင်း၊ ကျောက်ပန်းတောင်း၊ မြင်းခြံ၊ ပခုက္ကူမြို့(မြစ်ခြေ)၊ ရေစကြိုနှင့် ဝမ်းတွင်းမြို့နယ်များတွင် စီးပွားဖြစ် စိုက်ပျိုးမှုများပြီး အိန္ဒိယဒန့်သလွန်မျိုး PMK 1 မျိုးသာ အများဆုံးစိုက်ပျိုးကြကာ ဒေသမျိုးရင်းဒန့်သလွန်လည်း စိုက်ပျိုးမှုများလာ၍ ဒန့်သလွန်သက်တမ်း နှစ်(၂၀) ထိ ရှည်ကြာကြောင်း သိရသည်။

ကိုထိန်၊KPD