ဒိုက်ဦး၊ ဒီဇင်ဘာ ၉

 

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းဝင် ကျေးရွာဖြစ်သော ဦးဖိုးရင်စုကျေးရွာ၏ အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ဒုတိယအကြိမ်ထုတ်ချေးခြင်းကို ဒီဇင်ဘာ ၈ ရက်က မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ကျေးရွာသို့ကွင်းဆင်း၍ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ဒိုက်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဇာကြည်မွန်က ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျော့ကျစေရန်နှင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရောင်းဝယ်ရေး၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုလုပ်ငန်းများနှင့် တခြားမိသားစုဝင်ငွေတိုး လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ချေးငွေများကို အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးခြင်းဖြစ်‌ကြောင်း ပြောကြားသည်။

 

အဆိုပါ ဦးဖိုးရင်းစုကျေးရွာ မြစိမ်း‌ရောင်စီမံကိန်းမှ အသင်းသူ/အသင်းသား (၇၅)ဦးထံသို့ ချေးငွေကျပ်သန်း (၃၀)ကို အတိုးနှုန်း ကျပ် ၁၀၀ လျှင် ပြား ၅၀ နှုန်းဖြင့် ချေးငွေထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

 

ကိုညို(ကျေးလက်)