၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်ခွင့်အတွက် ရှုံးထွက်ပွဲစဉ်များကို မဲခွဲထုတ်ပြန်

နိုဝင်ဘာ ၂၇

၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ၏ ဥရောပဇုန်မှ  လက်ကျန်သုံးနေရာအတွက် ယှဉ်ပြိုင်ကစားကြမည့် ရှုံး ထွက်  (ဆီမီးဖိုင်နယ်)  ပွဲစဉ်များကို မဲခွဲထုတ်ပြန်လိုက်ပြီဖြစ်ရာ နာမည်ကြီး  ပေါ်တူဂီနှင့်  အီတလီအသင်းတို့သည် လမ်းကြောင်းတစ်ခုတည်း ကျရောက်ခဲ့သည့်အတွက်   အဆိုပါ နှစ်သင်းထဲမှ    တစ်သင်းသာလျှင် ကမ္ဘာ့ဖလားပြိုင်ပွဲကို   ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရရှိဖွယ်ရှိသည်။

လမ်းကြောင်း (A) တွင် ဝေးလ်၊ ဩစတြီးယား၊ စကော့တလန်နှင့် ယူ ကရိန်းတို့ပါဝင်ပြီး လမ်းကြောင်း (B) တွင် ရုရှား၊ ပိုလန်၊ ဆွီဒင်နှင့် ချက်အသင်း၊ လမ်းကြောင်း (C) တွင် ပေါ်တူဂီ၊ တူရကီ၊ အီတလီနှင့် မြောက်မက်ဆီဒိုးနီးယားအသင်းတို့  ပါဝင်နေသည်။

အဆိုပါ ပွဲစဉ်များကို တစ်ကျော့တည်းစနစ်ဖြင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ကာ ဝေးလ်နှင့်  ဩစတြီးယား၊  စကော့တလန်နှင့် ယူကရိန်း၊ ရုရှားနှင့် ပိုလန်၊ ဆွီဒင်နှင့် ချက်၊ ပေါ်တူဂီနှင့် တူရကီ၊ အီတလီနှင့် မြောက်မက်ဆီဒိုးနီးယားအသင်းတို့  တွေ့ဆုံနေပြီး မတ် ၂၄ ရက်တွင် ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

ဝေးလ်နှင့် ဩစတြီးယားအသင်းတို့ထဲမှ အနိုင်ရရှိမည့်အသင်းအနေဖြင့် ဗိုလ်လုပွဲတွင်    စကော့တလန်နှင့် ယူကရိန်းအသင်းထဲမှ အနိုင်ရရှိမည့်အသင်းနှင့်   ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

ရုရှားနှင့်  ပိုလန်အသင်းတို့ထဲမှ အနိုင်ရရှိမည့်အသင်းအနေဖြင့် ဗိုလ်လုပွဲတွင် ဆွီဒင်နှင့် ချက်အသင်း တို့ထဲမှ အနိုင်ရရှိမည့်အသင်းနှင့်  ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

ပေါ်တူဂီနှင့်  တူရကီအသင်းတို့ထဲမှ အနိုင်ရရှိမည့်အသင်းအနေဖြင့် ဗိုလ်လုပွဲတွင် အီတလီနှင့် မြောက်မက်ဆီဒိုးနီးယား   အသင်းတို့ထဲမှ အနိုင်ရရှိမည့်အသင်းနှင့်    ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

ဗိုလ်လုပွဲတွင်    လမ်းကြောင်းတစ်ခုစီမှ  အနိုင်ရရှိသည့်  အသင်းသုံးသင်းသာလျှင် ကမ္ဘာ့ဖလားပြိုင်ပွဲကို  ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိမည် ဖြစ်သည်။

အောင်ဇော်