ပြည် နိုဝင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းက ပြည်မြို့၊ အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများနှင့် တွေ့ဆုံအားပေးစကား ပြောကြားကာ ပြည်မြို့ အခြေခံပညာ စာသင် ကျောင်းများအတွက် စာသင်ခုံ အစုံ(၄၀)၊ ကျန်းမာရေး အထောက် အကူပြုပစ္စည်း များနှင့် ထောက်ပံ့ငွေ(၁၀)သိန်းတို့ကို ထောက်ပံ့ပေးအပ်သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့၊ ဇီးအုပ်စခန်း နွေစပါး စိုက်ပျိုးရေရရှိရေး ဆိုလာစနစ်အသုံးပြု၍ စမ်းသပ်ဆောင်ရွက်နေမှုကို ကြည့်ရှုပြီး ခရိုင်တစ်ခုခြင်းအလိုက် Mobile Solar Pump System (၃)စုံ ဝယ်ယူနိုင်ရေး စီစဉ်ပေးကာ မိုးစပါးစံကွက် ရိတ်သိမ်းချွေလှေ့နေမှုကို ကြည့်ရှုအားပေးသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကွန်ပျူတာတက္ကသိုလ် (ပြည်) သို့သွားရောက်၍ ဒုတိယပါမောက္ခချုပ်၊ ဆရာ/ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံအားပေးစကားပြောကြားပြီး ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးကာ တက္ကသိုလ်အတွက်ထောက်ပံ့ငွေ(၁၀)သိန်းကို ထောက်ပံ့ပေးအပ်သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပြည်မြို့၊ ကုတင်(၅၀၀)ဆံ့ ပြည်သူ့ ဆေးရုံကြီး တည်ဆောက်ရေးရှင်းလင်းဆောင်သို့ရောက်ရှိပြီး ဆေးရုံတည် ဆောက်ရေး လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့၊ သူနာပြုနှင့် သားဖွား သင်တန်းကျောင်းသို့ ရောက်ရှိပြီး အမှတ်စဉ် (၂၅) သူနာပြုသင်တန်း နောက်ဆုံးနှစ်တက် ရောက်နေသည့် သင်တန်းသား/သူများနှင့် ဆရာ/ဆရာမများအား တွေ့ဆုံအား ပေးစကား ပြောကြားပြီး သင်တန်းကျောင်းအတွက် ထောက်ပံ့ငွေ(၁၀)သိန်း၊ စာကြည့်ခန်း Aircon တပ်ဆင်ရန် ငွေကျပ်(၁၀)သိန်း၊ သင်တန်းသား/ သူများအတွက် ဆန်၊ ဆီ၊ ပဲ၊ ဆား (၅)လစာ ထောက်ပံ့ငွေနှင့် ကျန်းမာရေးသုံး အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေး အပ်ကာ သင်ထောက်ကူပြုခန်းမနှင့် စာကြည့်တိုက်များသို့ လည့်လှည်ကြည့်ရှု သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပြည်မြို့ ကမ်းနားလမ်းအဆင့် မြှင့်တင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြား ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


