ထားဝယ် နိုဝင်ဘာ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ကြသော ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီနှင့် ပရဟိတများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကိုက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ကြသော ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီ၊ ပရဟိတနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသော ရပ်မိရပ်ဖများအား ဂုဏ်ပြုသည့်အခမ်းအနားဖြစ်ကြောင်း၊ မြိတ်နှင့် ကော့သောင်းတွင်လည်း ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ကမ္ဘာ့ကပ်ရောဂါဖြစ်သော ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းများကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှ စတင်ဆောင်ရွက်ခဲ့ပြီး ဓာတ်ခွဲအတည်ပြုလူနာ (၁)ဦး ၂၃-၃-၂၀၂၀ ရက်နေ့တွင် စတင်တွေ့ရှိခဲ့ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းတွင် ကူးစက်မှုမြင့်မားခဲ့ပြီး Stay at Home အမိန့်အား ထားဝယ်နှင့် မြိတ်မြို့နယ်တို့တွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြော်ငြာခဲ့ရကြောင်း၊ ယခုအခါ သက်ဆိုင်ရာဌာန အာဏာပိုင်အဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူလူထု၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် တနင်္သာရီတိုင်းဒေသကြီးတွင် ပိုးတွေ့လူနာ ကျဆင်းလာသဖြင့် Stay at Home အစီအစဉ်ကို နိုဝင်ဘာ ၁၂ ရက်တွင် ပယ်ဖျက်ပေးခဲ့ကြောင်း၊ ကိုဗစ်-၁၉ ရောဂါစတုတ္ထလှိုင်း မဖြစ်ပေါ်သေးသော်လည်း ကာကွယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်စေလိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့သူများအားလုံးကို ကျေးဇူးတင် ဂုဏ်ပြုကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သစ်လွင်ထူးနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ကြသော ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီနှင့် ပရဟိတများအား ဂုဏ်ပြုငွေ ကျပ် ၂၀၀၁၆၀၀၀ နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဆွေဆွေအောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


