ရေစကြို နိုဝင်ဘာ ၁၄
ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် နိုဝင်ဘာ ၁၃ ရက် မွန်းလွဲ ၁ နာရီ ၁၄ မိနစ်ခန့်က ပခန်းငယ်ရဲစခန်းအား PDF အဖွဲ့မှ လက်နက်များဖြင့် လာရောက်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
အခင်းဖြစ်ပွားရာနေသို့ ရေစကြိုမြို့နယ် မြို့နယ်ရဲမှူး ဦးစီး (၁၆)ဦးနှင့် နယ်မြေလုံခြုံရေး တပ်မတော်သား (၁၀)ဦးတို့ ပူးပေါင်းအဖွဲ့သည် မော်တော်ယာဉ်များဖြင့် ရေစကြိုမှ ညောင်ဇောက်ကျေးရွာ - နွားထိန်းကျေးရွာ - စဉ့်ကိုင်ကျေးရွာ - ချစ်သူကျေးရွာ - ပခန်းငယ်ကျေးရွာသို့ တောလမ်းအတိုင်း ပခန်းငယ်ရဲစခန်းသို့ စစ်ကူပေးနိုင်ရေး ချီတက်ထွက်ခွာသွားခဲ့ပြီး အလားတူ ပခုက္ကူခရိုင်ရဲမှူး ဦးစီး (၇) ဦး၊ ရတဖ (၃၅) မှ (၁၂) ဦး၊ လခရ (ပခုက္ကူ) မှ (၆) ဦးတို့သည် မော်တော်ယာဉ်ဖြင့် ပခုက္ကူမြို့မှ ရေစကြိုမြို့နယ်၊ ပခန်းငယ်ရဲစခန်းသို့ စစ်ကူပေးနိုင်ရေး ချီတက်ထွက်ခွာခဲ့ကြကြောင်း သိရှိရသည်။
ပူးပေါင်းအဖွဲ့သည် မော်တော်ယာဉ်များဖြင့် ရေစကြိုမှ ညောင်ဇောက်ကျေးရွာ - နွားထိန်းကျေးရွာ - စဉ့်ကိုင်ကျေးရွာသို့ရောက်ရှိပြီး ညနေ ၄ နာရီတွင် ခြေလျင်ချီတက် ထွက်ခွာသွားစဉ် ကျေးရွာအထွက် (၅) ဖာလုံခန့်အကွာ မြေသားလမ်းပေါ်အရောက် လမ်း၏ယာဘက် (၅) ပေခန့်အကွာတွင် ရီမုမိုင်း (၁) လုံး ပေါက်ကွဲခဲ့သဖြင့် နယ်ထိန်းခေါင်းဆောင် တစ်ဦး မျက်နှာပါးပြင်နှစ်ဖက်နှင့် အပေါ်နှုတ်ခမ်းတို့တွင် ပွန်းပဲ့ဒဏ်ရာ (၁) ချက်စီ၊ ဝဲလက်ခုံစုတ်ပြတ်၊ ပေါက်ပြဲဒဏ်ရာ (၁) ချက်၊ ယာလက်ခုံ ပေါက်ပြဲဒဏ်ရာ (၁) ချက်နှင့် ဝဲခြေသလုံး မိုင်းစထိမှန်ဒဏ်ရာ (၁) ချက်(မစိုးရိမ်ရ)တို့ ရရှိခဲ့ပြီး ၎င်းနေရာနှင့် ပေ (၃၀) ခန့်အကွာတွင် ရီမုမိုင်း(၁)လုံး ထပ်မံ၍ ပေါက်ကွဲခဲ့ပြီး လူ/ယာဉ်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရသည်။
ပခုက္ကူခရိုင်ရဲမှူး ဦးစီးပူးပေါင်းအဖွဲ့နှင့် ရေစကြိုမြို့နယ် မြို့နယ်ရဲမှူး ဦးစီးပူးပေါင်းအဖွဲ့သည် ပခန်းငယ်ရဲစခန်းသို့ PDF များ ထပ်မံလာရောက် တိုက်ခိုက်မှုမရှိစေရေး ရဲကင်းစခန်း၏ ပတ်လည်တွင် ခံတပ်များဖြင့် အသင့်နေရာယူစိုးမိုး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ပခန်းငယ်ရဲစခန်းသို့ PDF များ လက်နက်များဖြင့် လာရောက်တိုက်ခိုက်စဉ် စခန်းအတွင်း ရဲတပ်ကြပ်ကြီး တစ်ဦး၊ ရဲတပ်ကြပ် တစ်ဦး၊ ရဲတပ်သား (၃) ဦးနှင့် မိသားစုဝင် (၅) ဦး ကျန်ရှိပြီး PDF အင်အား (၇၀) ဦးခန့်သည် မောင်းပြန်/လက်လုပ်သေနတ်များဖြင့် အဆက်မပြတ်ပစ်ခတ်ခြင်း၊ လက်လုပ်ဗုံး (၄) လုံးတို့ဖြင့် ပစ်ပေါက်တိုက်ခိုက်ခြင်းတို့ကြောင့် အင်အားမမျှ၍ ရဲတပ်ကြပ်ကြီး တစ်ဦးအပါအဝင် (၃) ဦးနှင့် မိသားစုဝင် (၅)ဦးတို့သည် ရဲကင်းစခန်းနောက်ကြောဘက်မှ ဖောက်ထွက်ဆုတ်ခွာလာခဲ့ရာ PDF အဖွဲ့မှ ရဲကင်းစခန်းဝန်းအတွင်းသို့ ဝင်ရောက်၍ ရဲကင်းစခန်းမှူးနေအိမ်တွင် ထားရှိသော BA 63 (၁)လက် (FTR 9337/88)၊ ၇.၆၂ x ၅၁ ကျည် (၂၀၀) တောင့်၊ ကျည်ဘောက် (၄) ခု၊ BA 94 (၁) လက် (A 02925)၊ ကျည်ဘောက် (၄) ခု၊ 9MM HV ကျည် (၂၀၀) တောင့်၊ MG1 လက်ပစ်ဗုံး (၂) လုံးတို့အား ယူဆောင်ကာ ရဲကင်းစခန်းအဆောက်အဦ၊ ရဲကင်းစခန်းမှူး နေအိမ် (၁) လုံးနှင့် ရဲကင်းစခန်းမှူး နေအိမ်ရှေ့ရှိတဲ (၁) လုံးတို့အား မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း သိရှိရသည်။
အဆိုပါမီးရှို့ဖျက်ဆီးခံရမှုနှင့် ပတ်သတ်၍ အလျား (၃၈) ပေ၊ အနံ (၃၅) ပေ၊ အမြင့် (၁၅) ပေ၊ သွပ်မိုး၊ အုတ်ကာ၊ အုတ်ခင်း၊ စခန်းရုံးခန်း (၁၉၉၂ မတ် ၄ ရက်နေ့တွင် ဆောက်လုပ်ပြီး တန်ဖိုး ၂၀ သိန်းကုန်ကျခဲ့)၊ အလျား(၃၄)ပေ (၂)လက်မ၊ အနံ (၃၄)ပေ၊ အမြင့် (၁၅)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း၊ စခန်းမှူးနေအိမ် (၁၉၉၂ မတ် ၄ ရက်နေ့တွင် ဆောက်လုပ်ပြီး တန်ဖိုး ၈၃၅၀၀၀ ကျပ် ကုန်ကျခဲ့)၊ (၁၀ ပေပတ်လည်၊ အမြင့် (၁၂)ပေခန့်ရှိ စခန်းမှူးနေအိမ်ရှေ့ရှိတဲ (၁)လုံး(ခန့်မှန်းတန်ဖိုး ၁ သိန်းကျပ်) တို့ ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။
ရေစကြို (ပြန်/ဆက်)


