ပွင့်လင်းရာသီရောက်လာပြီဖြစ်သောကြောင့် ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ရန် ဒေသခံများ မျှော်လင့်

မြိတ် နိုဝင်ဘာ ၁၁

 

ပွင့်လင်းရာသီ ရောက်လာရှိပြီးဖြစ်သောကြောင့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ကျွန်းစုဒေသ အတွင်း ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန် ဒေသခံခရီးသွား လုပ်ငန်း လုပ်ကိုင်သူများက မျှော်လင့်နေကြောင်း သိရသည်။

 

ထိုသို့ ခရီးသွားလုပ်ငန်းများ ပြန်လည်မစတင်နိုင်ခြင်းမှာ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ထား၀ယ်နှင့် မြိတ်မြို့များသို့ လေကြောင်းလိုင်းနှင့် မော်တော်ယာဉ်လိုင်းများ တရားဝင်ပြန်လည်ပြေးဆွဲ ပေးခြင်းမရှိသေးသည့်အတွက်ကြောင့် ပြည်တွင်းပြည်ပခရီးသွားများ လာရောက်မှုမရှိခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရသည်။

 

“ယခုလက်ရှိမှာတော့ကော့သောင်းက လေယာဉ်ခရီးစဉ်ရှိပါတယ်။ ကော့သောင်းဘက်က ခရီးသွား ကုမ္ပဏီတွေက နေ့ချင်းပြန် ခရီးစဉ်တွေသွားချင်ကြောင်း တင်ပြထားတာရှိတယ်။ ကျွန်တော်တို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့ကို တင်ပြထားတာရှိပါတယ်။ တာဝန်ရှိသူတွေကလည်း ကိုဗစ် ၁၉ နှင့်ပတ်သက်ပြီး ချိန်ဆနေတာရှိတယ်။ တရားဝင်ညွန်ကြားလာ တာမျိုးတော့ မရှိသေးပါဘူး။ လောလောဆယ် Local (ဒေသတွင်း)နှင့်တော့စရမှာပေါ့ နိုင်ငံခြားခရီးသည်တော့ မျှော်လို့မရသေး ပါဘူး။ ပြည်တွင်းခရီးသွားတွေ လာရောက်ချင်ကြောင်း ဆက်သွယ်တာမျိုးတွေရှိလာရင် ကုမ္ပဏီတွေအနေနှင့် သက်ဆိုင်ရာဌာနတွေကို တင်ပြလို့ပါတယ်။ ကျွန်တော်တို့လည်း တနင်္သာရီတိုင်းဒေသကြီးအစိုးရကို ထပ်ဆင့်တင်ပြမယ် အဖြေတစ်ခုတော့ရနိုင်ကောင်းပါရဲ့’’ ဟု တနင်္သာရီတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီး သွားလာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

မြိတ်ကျွန်းစုဒေသအတွင်း ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးလာစေရေးအတွက် ပို့ဆောင်ရေးကဏ္ဍများ ပြန်လည်စတင်နိုင်ရန် လိုအပ်နေပြီး ယခုလက်ရှိအနေထားတွင် လူအနည်းငယ်ဖြင့်သာ ပို့ဆောင်မှုများရှိနေကြောင်း သိရသည်။

 

“ခရီးသွားလုပ်ငန်းစတင်ဖို့ အဓိကလိုအပ်ချက်ကတော့ ထားဝယ်မြို့နဲ့ မြိတ်မြို့ဘက်ကို လေကြောင်းလိုင်းတွေ၊ မော်တော်ယာဉ်လိုင်းတွေ ပုံမှန်ပြေးဆွဲပေးဖို့လိုပါတယ်။ ဒါမှခရီးသွားလုပ်ငန်းတွေ ဖွံ့ဖြိုးလာမှာဖြစ်ပါတယ်။ မြိတ်ကျွန်းစုခရီးသွားလုပ်ငန်းရဲ့ လက်ရှိအခြေအနေက ချာတာပြေးဆွဲတာမျိုး (လှေအစီးလိုက်ဌားရမ်းကာသွားလာခြင်း)၊ ဒေသတွင်းက မိသားစုအလိုက်ဖြစ်စေ၊ သူငယ်ချင်းအပေါင်းအသင်းများ စုပြီးတော့ဖြစ်စေ သွားလာတာမျိုးပဲ လုပ်နိုင်ပါသေးတယ်။ ကိုဗစ် ၁၉ ရောဂါကူးစက်မှုကလည်း ကျဆင်းသွားပြီ၊ ပွင့်လင်းရာသီလည်းရောက် လာပြီဆိုတော့ ခရီးသွားလုပ်ငန်းတွေကိုပြန် လည်စတင်ဖို့ ဆန္ဒရှိနေကြပါတယ်။ သက်ဆိုင်ရာဌာနအနေနှင့်လည်း ဒါကိုတင်ပြပေးဖို့လိုအပ်ပါတယ်” ဟု မြိတ်မြို့မှ ခရီးသွားလုပ်ငန်းလုပ် ကိုင်နေသူတစ်ဦးက ပြောကြားသည်။

 

တနင်္သာရီတိုင်းဒေသကြီးအတွင်း၌ ခရီးသွားလုပ်ငန်းပြန်လည်စတင်ရန် အခက်အခဲ တချို့ရှိနေပြီး တချို့ နေရာများတွင် အဆင့်မြှင့်တင်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးရန်လိုအပ်နေကြောင်း သိရသည်။

 

“ဒုံးညောင်မှိုင်းဘက်မှာ ပြည်သူလူထုအခြေပြု ခရီးသွားလုပ်ငန်းကို စတင်ထားပြီးဖြစ်တယ် အဲဒီရွာမှာ ခရီးသွားလုပ်ငန်းတွေရဲ့ ရေယာဉ်တွေ၊ ခရီးသည်တင်အမြန်ရေယာဉ်တွေ ဆိုက်ကပ်ဖို့ တံတားတစ်စင်း လိုအပ်နေတယ်၊ မြိတ်မြို့မှာလည်း ခရီးသွားလုပ်ငန်းအတွက် တံတားတစ်စင်းလုပ်ဆောင်ဖို့လိုအပ်တယ် ကိုဗစ် ၁၉ ရောဂါဖြစ်ပွားခဲ့သည့် (၂)နှစ်တာကာလအတွင်း ရပ်နားထားရတဲ့ ခရီးသွားလုပ်ငန်းတွေအတွက် နိုင်ငံတော်မှချေးငွေလေးတွေ ချထားပေးမယ်ဆိုရင် လုပ်ငန်းတွေပြန်လည်ပတ်ဖို့ ပိုအဆင်ပြေသွားလိမ့်မယ်။ ရန်ကုန်ကနေ လေကြောင်းလိုင်းတွေ၊ ကားလိုင်းတွေ တရားဝင်ပြန်လည်ပြေးဆွဲပေးဖို့လည်း လိုအပ်ပါတယ်”ဟု မြိတ်ခရိုင်ခရီး သွားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

မြိတ်ကျွန်းစုဒေသအတွင်း ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ရန် ရောဂါအခြေအနေများကိုလည်း စောင့်ကြည့်ရန်လိုအပ်ပြီး ခရီးသွားလုပ်ငန်းများအတွက် လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများမှလည်း တင်ပြပေးမည်ဖြစ်ကြောင်း သိရသည်။

 

“ဒေသခံလုပ်ငန်းရှင်တွေဘက်က တင်ပြလာရင် ပိုသင့်တော်ပါတယ် ဒေသခံတွေရဲ့ကာကွယ် ဆေးထိုးပြီးမှု အခြေအနေလည်းပါတယ်။ ကာကွယ်ဆေးထိုးမှုက (၄၂)ရာခိုင်နှုန်းလောက်တော့ ပြီးသွားပြီး(၅၀)ရာခိုင်နှုန်းကျော်လောက်အထိ လိုအပ်မယ့် အနေထားရှိပါတယ်။ ခရီးသွားလုပ်ငန်းကတော့ ဒေသခံတွေ အလုပ်အကိုင်အခွင့်လမ်းရမယ်။ ခရီးသွားဧည့်သည်တွေ များများ ဝင်လာရင် ဝင်ငွေတွေရရှိလာပါမယ်။ မကြာခင်မှာဌာနကလည်း ဆောင်ရွက်ပေးဖို့အစဉ်ရှိပါတယ်’’ ဟု တာဝန်ရှိသူမှ ဆက်လက်ပြောကြားခဲ့သည်။

 

မြိတ်ကျွန်းစုဒေသအတွင်းရှိ ကျွန်းများသို့ အပန်းဖြေခရီးစဉ်များမှာပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်များအကြား စိတ်ဝင်စားမှုရှိနေပြီးခရီးစဉ်များနှင့် ပတ်သက်ပြီး မေးမြန်းမှုများရှိနေကြောင်း လုပ်ငန်းရှင်များက ပြောကြားခဲ့သည်။

 

မြိတ်ခရိုင်အတွင်းခရီးသွား များအား စီစဉ်ပို့ဆောင်ပေးနေသည့် ခရီးသွားကုမ္ပဏီ ၄၂ ရှိပြီး ကပ်ရောဂါ အခြေအနေများကြောင့် ခရီးသွားလုပ်ငန်းများရပ် နားထားရသည်မှာ ၂ နှစ်ခန့် ရှိနေပြီဖြစ်ကြောင်း သိရသည်။

 

မြိတ်ကျွန်းစုဒေသရှိ ကျွန်းကမ်းခြေများတွင် လွန်ခဲ့သည့်လေးနှစ်ခန့်က ခရီးသွားရာသီတွင် နတ်သမီးကျွန်း၊ လေးကျွန်း၊ သမီးလှကျွန်း၊ ဒုံးညောင်မှိုင်းကျွန်းစသည့် ကမ်းခြေများနှင့် ဒုံးရေ တံခွန်တို့ကို သွားရောက်လည် ပတ်မှုများပြားခဲ့သည့်အပြင် ပြည်တွင်း၊ ပြည်ပခရီးသွားများက Smart ကျွန်းကို ပိုမိုစိတ်ဝင် တစားလာရောက် လည်ပတ်လျက်ရှိသည်။ Smart ကျွန်းမှာ မြိတ်ကျွန်းစုအတွင်းရှိ ကျွန်းပေါင်း ၈ဝဝ ကျော်အနက် နာမည်ကျော်ကြား၍ လူသိများလာသည့် ကျွန်းတစ်ကျွန်းဖြစ်ပြီး လွန်ခဲ့သော သုံးနှစ်ကျော်ခန့်က ပွင့်လင်းရာသီ အခါကြီးရက်ကြီးနေ့များနှင့် နှစ်သစ်ကူး သင်္ကြန်ကာလအတွင်း ခရီးသွားပြည်သူများ အများဆုံး လာရောက်လည်ပတ်လေ့ရှိကြောင်း သိရသည်။

 

မြင့်ဦး(မြိတ်)