အုတ်တွင်း အောက်တိုဘာ ၃၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းဝင် ကျေးရွာ(၇)ရွာ၏ အရင်းမပျောက် လည်ပတ်ရန်ပုံငွေထုတ်ချေးခြင်းကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၉ ရက်က မြို့နယ်ဦးစီးမှူးနှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ကွင်းဆင်း၍ ကြီးကြပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အုတ်တွင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စုနွယ်ဝင်း (လက်ထောက်ညွှန်ကြားရေးမှူး) က မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ကျေးလက်နေ ပြည်သူများဆင်းရဲမှု လျော့ကျစေရန်နှင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရောင်းဝယ်ရေး၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုလုပ်ငန်းများနှင့် တခြားမိသားစုဝင်ငွေတိုးလုပ်ငန်းများကို ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ အကောင်အထည် ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် ကျေးရွာကော်မတီဝင်များက အသင်းသူ၊ အသင်းသားများထံသို့ ချေးငွေထုတ်ချေးပေးမှုအား ကြီးကြပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

မြစိမ်းရောင်ကျေးရွာ စီမံကိန်းဝင်ကျေးရွာများဖြစ်သော အောင်းကြီးကျေးရွာ၊ မီးလောင်ချောင်းကျေးရွာ၊ တိမ်ညွှန့်ကျေးရွာ၊ ရွာသစ်ကျေးရွာ၊ မဲချောင်းကျေးရွာ၊ ညောင်ချက်ကျေးရွာနှင့် အုန်းပင်စုကျေးရွာများရှိ စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်သူ (၃၆၄)ဦး၊ မွေးမြူရေးလုပ်ငန်းဆောင်ရွက်သူ(၁၆၈)ဦး၊ အရောင်းအဝယ် လုပ်ငန်းဆောင်ရွက်သူ (၅၆)ဦး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း ဆောင်ရွက်သူ(၆၉)ဦးနှင့် ကုန်ထုတ်လုပ်ငန်း ဆောင်ရွက်သူ (၂၇)ဦး စုစုပေါင်းအသင်းသူ၊ အသင်းသား(၆၈၄)ဦး  ရှိကြောင်း သိရသည်။

အဆိုပါကျေးရွာ(၇)ရွာရှိ အသင်းသူ၊ အသင်းသားများထံသို့ အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ကျပ်၂၈၆ ဒသမ ၃ သန်းကို အတိုးနှုန်း ကျပ် ၁၀၀ လျှင် ပြား ၅၀ နှုန်းဖြင့် ထုတ်ချေးပေးနိုင်မှုကြောင့် ကျေးလက် နေ ပြည်သူများ ဝင်ငွေတိုးပွားလာခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိခြင်းနှင့် ပြည်သူများ အကြွေးဝန်ထုပ်ဝန်ပိုး လျော့ကျလာမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးက ပြောပြခဲ့သည်။

ကိုညို(ကျေးလက်)