ပိုးသတ်ဆေးနည်းပညာကော်မတီမှ စီစစ်တင်ပြလာသော ပိုးသတ်ဆေးအမျိုးပေါင်း(၂၄၀)ကို အတည်ပြုပေးနိုင်ရေးဆောင်ရွက်

နေပြည်တော် အောက်တိုဘာ ၂၂

ပိုးသတ်ဆေးမှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း လုပ်ငန်းစဉ်များကို စနစ်တကျ ပိုမိုကောင်းမွန်စေရန် ပြောင်းလဲဆောင်ရွက်လျက်ရှိကြောင်း ယနေ့ နံနက်ပိုင်းက အွန်လိုင်း စနစ်ဖြင့် ကျင်းပသည့် ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့၏ (၃၄) ကြိမ်မြောက် အစည်းအဝေး တွင် အဖွဲ့ဥက္ကဋ္ဌ ၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားသည်။

အစည်းအဝေးသို့ ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့ဝင်များ စုံညီစွာတက်ရောက်ကြပြီး အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က အစည်းအဝေးတွင် ဆွေးနွေး အတည်ပြုဆောင်ရွက်ရမည့် ပိုးသတ်ဆေး မှတ်ပုံတင်လျှောက်လွှာများနှင့်ပတ်သက်၍ တင်ပြရာ အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လုပ်ငန်းတစ်ခုချင်းအပေါ် သုံးသပ်ဆွေးနွေး ဆောင်ရွက်ခဲ့ကြသည်။

ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့ကို အထောက်အကူပြုနိုင်ရန် တည်ဆဲပိုးသတ်ဆေး ဥပဒေနှင့်အညီ ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည့် နည်းပညာကော်မတီက  ပြုစုတင်ပြ လာသည့် သတင်းအချက်အလက်များ ၊ စိစစ်သုံးသပ်အကြံပြုချက်ခြင်းများကို အခြေခံ၍ ပိုးသတ်ဆေး ဥပဒေအခန်း  (၃) အရ ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့က ပိုးသတ်ဆေး မှတ်ပုံတင်ခွင့် ပြုပေးနိုင်ရန် ဆုံးဖြတ်အတည်ပြုပေးခြင်း၊ အဆိပ်ရှိပစ္စည်းနှင့် စပ်လျဉ်း၍ တင်ပြရန် လိုအပ်သော အထောက်အထား အချက်အလက်များ သတ်မှတ်ပေးခြင်း တို့ကို ပိုးသတ်ဆေး မှတ်ပုံတင်အဖွဲ့က ဆောင်ရွက်လျက် ရှိသကဲ့သို့ အပြည်ပြည်ဆိုင်ရာ အကြံပြု ချက်များအပေါ် အခြေပြု၍ လူနှင့် ပတ်ဝန်းကျင်ကို အန္တရာယ်မြင့်မားစွာကျရောက်စေသော ပိုးသတ်ဆေးများ ကို သုံးစွဲရန် ပိတ်ပင် တားဆီးခြင်း၊ ပိုးသတ်ဆေးများကို စနစ်တကျ ကိုင်တွယ် သုံးစွဲစွန့်ပစ်ခြင်း ဆိုင်ရာများနှင့် ပတ်သက်၍ သဘာဝပတ်ဝန်းကျင်ကို အန္တရာယ် မရှိစေရန် လိုအပ်သည့် အမိန့်၊ သတ်မှတ်ချက်များ ၊ ညွှန်ကြားချက်များကို အခါအားလျော်စွာ ထုတ်ပြန်ပေးလျက်ရှိသည်။

ထို့အပြင် ပိုးသတ်ဆေး ဥပဒေအခန်း(၅) ပုဒ်မ၁၇ ၊ ၁၈ အရ ပိုးသတ်မှိုင်း တိုက်ခွင့်လိုင်စင်၊ ပိုးသတ်ဆေး ဖော်စပ်ရောင်းချခွင့် လိုင်စင်နှင့် ပိုးသတ်ဆေး ပြန်လည် ထုပ်ပိုးခွင့် လိုင်စင်လျှောက်ထားလာသူများကို စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် က ပိုးသတ်ဆေး ဥပဒေနှင့်အညီ စီစစ်ခွင့်ပြုပေးလျက်ရှိပြီး ပိုးသတ်ဆေးမှတ်ပုံတင် လျှောက်ထားခြင်းနှင့် လိုင်စင်လျှောက်ထားခြင်းများအတွက် စိုက်ပျိုးရေးသွင်းအားစုများ အွန်လိုင်းမှတ်ပုံတင်ရန် ဖွင့်လှစ်ပေးထားသည့် https://mairs.doa.gov.mm တွင် လွယ်ကူ အဆင်ပြေစွာ ဆောင်ရွက်နိုင်ကြောင်း သိရသည်။

ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့၏ အစည်းအဝေးများ၌ ပိုးသတ်ဆေးမှတ်ပုံတင်ခွင့်ပြု ပေးနိုင်ရေး ဆွေးနွေးစိစစ်ဆောင်ရွက်ခဲ့ရာတွင် (၃၃)ကြိမ်မြောက် အစည်းအဝေးပြီးဆုံးသည့် ကာလအထိ ပိုးသတ်ဆေးစုစုပေါင်း (၃၈၈၉)မျိုးကို မှတ်ပုံတင် ခွင့်ပြုပေးခဲ့ပြီး ယနေ့ အစည်းအဝေးတွင် ပိုးသတ်ဆေး နည်းပညာ ကော်မတီဝင်များမှ စိစစ်ပြီး တင်ပြလာသော ပိုးသတ်ဆေး အမျိုးပေါင်း (၂၄၀)ကို အတည်ပြုပေးနိုင်ရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်