ဝေါ အောက်တိုဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများ ကျန်းမာစွာ ပညာသင်ကြားနိုင်ရေး အတွက် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား အောက်တိုဘာ ၁၉ ရက် နံနက်(၈)နာရီအချိန်မှ စတင်၍ အခြေခံပညာအလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများကို Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ဝေါမြို့နယ်တွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၄၇၆၈)ဦးရှိပြီး အခြေခံပညာ အလယ်တန်းကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်းတို့တွင် ဆေးထိုးစုရပ်များအဖြစ် စုရပ် (၃၀) သတ်မှတ်ကာ ဆေးထိုးအဖွဲ့(၁၀)ဖွဲ့ဖြင့် Sinovac ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို အောက်တိုဘာ ၁၇ ရက်မှစတင်၍ ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် ဝေါမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမော်နှင့် တာဝန်ရှိသူများက ကြီးကြပ်ကာ မြိုနယ်ပြည်သူ့ဆေးရုံမှ ဆရာဝန်များ၊ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ပူးပေါင်း၍ ကာကွယ်ဆေး မထိုးမီ မိဘအုပ်ထိန်းသူ၏ ခွင့်ပြုချက်ရယူခြင်း၊ ကျောင်းသား ကျောင်းသူများ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ရောဂါအခံရှိ၊ မရှိ မေးမြန်းခြင်း၊ ကာကွယ်ဆေး ထိုးနှံပြီးသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ဆေးကြောင့် နောက်ဆက်တွဲ လက္ခဏာများ ဖြစ်ပေါ်မှုရှိ၊ မရှိ စောင့်ကြည့်နိုင်ရန် သီးသန့်အခန်းများတွင် ထားရှိပြီး နာရီဝက် စောင့်ကြည့်စေကာ ကျန်းမာရေးထိခိုက်မှု တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝပေးနိုင်ရန်လည်း ဆောင်ရွက်ထား ရှိကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)