မြို့သစ်မြို့နယ် ဆဒ္ဒန်ဆည်၊ စွန်ဆည်နှင့် ပုလင်းဆည် ရေလှောင်တမံရေပိုလွှဲမှ ဆက်လက်ရေကျော်ကျလျက်ရှိ                               

မြို့သစ်  အောက်တိုဘာ  ၁၈

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်ရှိ ဆဒ္ဒန်ဆည်၊ စွန်ဆည်နှင့် ပုလင်းဆည် ရေလှောင်တမံရေပိုလွှဲမှ ယနေ့ နံနက်ပိုင်းတွင် ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနက သိရသည်။

ဆဒ္ဒန်ဆည်ရေလှောင်တမံ၏ လက်ရှိရေမှတ်မှာ (၅၆၀ ဒသမ ၆၀) ပေရှိသည့်အတွက် ရေပြည့်အမှတ်ထက် (သုည ဒသမ တစ်ပေခန့်)၊ စွန်ဆည်ရေလှောင်တမံ၏  လက်ရှိရေမှတ်မှာ ၆၂၆ ပေရှိသည့်အတွက် ရေပြည့်အမှတ်ထက် တစ်ပေခန့် ရေပိုလွှဲမှရေကျော်ကျလျက်ရှိပြီး ပုလင်းဆည်ရေလှောင်တမံ၏ လက်ရှိရေမှတ်မှာ (၆၈၆ ဒသမ ၇၀) ပေရှိသည့်အတွက် ရေပြည့်အမှတ်ထက် (၁ ဒသမ ၇ ပေခန့်) ရေပိုလွှဲမှ ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း သိရသည်။

ဆဒ္ဒန်ဆည်၊ စွန်ဆည်နှင့် ပုလင်းဆည်ရေလှောင်တမံများ၏ ရေပိုလွှဲမှ ရေကျော်ကျမှုရှိသော်လည်း ဆည်များ၏ ရေထုတ်ပြွန်၊ ရေပိုလွှဲနှင့် ဆက်စပ်အဆောက်အအုံများ ကြံ့ခိုင်ကောင်းမွန်၍ ဆည်အောက်ပိုင်းရှိ ကျေးရွာနေ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဇော်ထက်ထံမှ သိရသည်။

ဝင်းအိဇွန် (ပြန်/ဆက်)