ခံစစ်ပိုင်းအားနည်းတဲ့ မန်ယူကို အိမ်ကွင်းမှာ လက်စတာအနိုင်ယူနိုင်မလား

အကြိတ်အနယ်ရှိမယ့် ပွဲကောင်းတစ်ပွဲပါ။ ဒီနှစ်သင်းရဲ့ အမှတ်ပေးဇယားရပ်တည်မှုကိုကြည့်ရင် မန်ယူ အသင်းက လက်စတာအသင်းထက်မှာ ရပ်တည်နေတယ်ဆိုပေမယ့် နောက်ဆုံးငါးပွဲမှာ ငါးပွဲစလုံး ပေးဂိုး ခွင့်ပြုခဲ့ရတာကြောင့် ခံစစ်ပိုင်းအားနည်းသလို တိုက်စစ်ပိုင်းကလည်း အဲဒီငါးပွဲမှာ ငါးဂိုးသာ သွင်းယူထားနိုင်တာကြောင့် အားနည်းနေပါတယ်။ ပြိုင်ဘက်လက်စတာအသင်းက ဒီရာသီမှာ ပုံမှန် ခြေစွမ်းမရရှိသေးဘဲ ရလဒ်ဆိုးတွေနဲ့ မကြာခဏကြုံတွေ့နေရတာကြောင့် ယခုပွဲစဉ်အတွက် အားစိုက် ပြင်ဆင်လာမှာပါ။

ခက်ခက်ခဲခဲကစားရတတ် လက်စတာအသင်းအနေနဲ့ မန်ယူအသင်းကို ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ နောက်ဆုံး သုံးပွဲမှာ ရှုံးပွဲကြုံတွေ့ထားခြင်းမရှိတာ တွေ့ရတယ်။ ဒါပေမယ့် ဒီနှစ်သင်းတွေ့ဆုံတိုင်း အပြန်အလှန်သွင်းဂိုးတွေကို မြင်တွေ့ရပြီး ခက်ခက်ခဲခဲကစားရတတ်တာကို သတိပြုရမယ်။ လက်စတာ မှာ ဒဏ်ရာရကစားသမားအနေနဲ့ ဖိုဖာနာ၊ ဂျက်စတင်နဲ့ အင်ဒီဒီတို့ရှိနေပြီး ဒီနေ့ပွဲစဉ်ကို ပါဝင်ကစားဖို့ မသေချာပါဘူး။ ပြိုင်ဘက် မန်ယူအသင်းမှာလည်း အားထားရတဲ့ ဗာရာနီ၊ အသင်းခေါင်းဆောင် မက်ဂွင်းယားတို့ ဒဏ်ရာကြောင့် ဒီနေ့ ပွဲစဉ်ကို လွဲချော်ဖို့ ရှိနေပါတယ်။ ဒါပေမယ့် မန်ယူအသင်းမှာ ဒဏ်ရာကနေ သက်သာလာပြီဖြစ်တဲ့ တိုက်စစ်ကစားသမား ရက်ဖို့ဒ်ပါဝင်လာဖွယ်ရှိပါတယ်။

အဝေးကွင်းစွမ်းဆောင်ရည်ကောင်းမွန်  မန်ယူအသင်းဟာ ယခုနှစ်ရာသီ အဝေးကွင်းမှာ ယှဉ်ပြိုင်ကစား ခဲ့တဲ့ ပရီမီယာလိဂ် သုံးပွဲမှာ နှစ်ပွဲနိုင်ပြီး တစ်ပွဲသရေ ကျထားတာကြောင့် အဝေးကွင်းစွမ်းဆောင်ရည် ကောင်းမွန်တယ်လို့ ဆိုနိုင်ပါတယ်။ မည်သို့ပင်ဆိုစေ ပြီးခဲ့တဲ့ပွဲစဉ်မှာ နှစ်သင်းစလုံး နိုင်ပွဲကိုယ်စီ ပျောက်ဆုံးခဲ့တာကြောင့် ယနေ့ပွဲစဉ်မှာ ဒဏ်ရာရကစားသမားတွေကို ချန်လှပ်ကာ အဓိက ကစားသမား အစုံအလင်နဲ့ ရင်ဆိုင်လာမှာပါ။ ဒါကြောင့် ဘယ်အသင်းက ရလဒ်ကောင်းပိုင်ဆိုင်သွားမလဲ စောင့်ကြည့် ရမှာ ဖြစ်ပါတယ်။

မိုးဇက်