မုဒုံမြို့၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်းဆောင်ရွက်ပေး

မုဒုံ စက်တင်ဘာ ၂၁

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက် ၉ နာရီက ဆက်သွယ်ကျေးရွာနှင့် တောင်ပကျေးရွာရှိ ဓမ္မာရုံ၌ ဒေသခံပြည်သူများကို ကွင်းဆင်းပြုလုပ်ပေးသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံမှ မြို့နယ်ဦးစီးအရာရှိ ဦးအောင်မော်ကကြီးကြပ်၍ ဝန်ထမ်းများက အသက် ၁၈ နှစ်အောက်နှင့် ၁၈ နှစ်အထက်ရှိ နိုင်ငံသားစိစစ်ရေးကတ် မပြု လုပ်ရသေးသည့် ဆက်သွယ်ကျေးရွာအုပ်စုတွင် လူဦးရေ ၁၁၀၊တောင်ပကျေးရွာ အုပ်စုတွင် ၁၈၉ ဦး ကျေးရွာအုပ်စု ၂ အုပ်စုတွင် စုစုပေါင်းလူဦးရေ ၂၉၉ ဦးအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ အခမဲ့ပြုလုပ်ပေးဆောင်ရွက်သည်။

မုဒုံမြို့နယ်အတွင်း ပန်းခင်းစီမံချက်ဖြင့်  အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ပေးရမည့် လူဦးရေ ၂၂၂၄၈ ဦး လျာထားကြောင်း၊ ၂၀၂၁ ခုနှစ် မေလမှ သတ်မှတ်ကာလအထိ ကျန်ရှိသော ရပ်ကွက်/ကျေးရွာအုပ်စုများတွင်လည်း အခမဲ့ ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)