လေးမျက်နှာ စက်တင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၏ MCCT (Maternal And Child Cash Transfer) အစီအစဉ်မှ ထောက်ပံ့သည့် လေးမျက်နှာမြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်နှစ်နှစ်အောက် ကလေးသူငယ်များအား ငွေကြေး ထောက်ပံ့ခြင်းကို ယနေ့ နံနက် ၁၀နာရီခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများထံသို့ ထောက်ပံ့ပေးငွေများ လွှဲပြောင်းပေးအပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသိန်းဆိုင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးရဲရင့်နောင်က အဖွင့်အမှာစကားပြောကြားခြင်းနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိဒေါ်စန်းစန်းဝင်း က ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့်ပတ်သက်၍ ကိုယ်ဝန်ဆောင်မိခင်များနှင့် ယင်းတို့မှမွေးဖွားလာသော အသက်နှစ်နှစ်အောက်ကလေးများအတွက် ဖွံဖြိုးမှု အမြင့်ဆုံးဖြစ်သည့် ကလေးဘဝအစ ရက်ပေါင်း ၁၀၀၀အတွင်း မိခင်ရောကလေးပါ အာဟာရပြည့်စွာ စားသုံးခြင်း၊ ကာကွယ်ဆေးများထိုးကြရမည့် အမူအကျင့်ကောင်းများ ရရှိကြစေရန်၊ မွေးစာရင်းပြုလုပ်ကြရန်၊ ကလေးပြုစုစောင့်ရှောက်မှု အသိပညာများရရှိကြစေရန် ၊ သားဆက်ခြားမိသားစုစီမံကိန်း စနစ်တကျ ဆောင်ရွက်တတ်စေရန်၊ ကျန်းမာရေးဗဟုသုတများ သိရှိပြီးကျန်းမာရေးနှင့်အညီ နေထိုင်တတ်စေရန်၊ ကိုယ်ဝန်ဆောင်များ နှင့်ကလေးများအား စနစ်တကျပြုစုစောင့်ရှောက်ပေးရမည့် အသိပညာများရရှိကြစေရန် ကလေးများ၏ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန် ၊ မိခင်နို့တိုက်ကျွေးခြင်း၏ အကျိုးကျေးဇူးများကို သိရှိစေရန် ၊ အထူးပြုစုစောင့်ရှောက်ရန် လိုအပ်သောကလေးငယ်များ စောစီးစွာ ပြုစု ကုသနိုင်စေရန် ၊ ကိုယ်ဝန်ဆောင်နှင့် အသက်နှစ်နှစ်အောက် ကလေးသေဆုံးမှုနှုန်းကို လျော့ချနိုင်ရန် ၊ ထောက်ပံ့ငွေများအား အာဟာရအတွက်အဓိက အသုံးပြုရန် ၊ ကလေးများ၏ ခန္ဓာကိုယ်ရော ဉာဏ်ရည်ပါဖွံ့ဖြိုးတိုးတက်မှု အမြင့်ဆုံးရရှိကြစေရန် ၊ အသက်အရွယ်ကြီးမြင့်လာသည့် အချိန်တွင် နာတာရှည် ရောဂါများ ဖြစ်ပွားမှုနှုန်းလျော့ကျစေရန်နှင့် မိသားစု၏စီးပွားရေး ထိခိုက်မှုလျော့နည်းစေရန် ဘေးဒုက္ခများဖြစ်ပွားလာပါက မိသားစုအာဟာရအတွက် တဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် ၊ ကျန်းမာသန်စွမ်းသောနိုင်ငံ့သားကောင်း သမီးကောင်းလေးများဖြစ်လာကြပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် စွမ်းအားပြည့် ဆောင်ရွက်နိုင်ကြရန် ရည်ရွယ်၍ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
လေးမျက်နှာမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ(၄၈)အုပ်စုမှ အသက်နှစ်နှစ်အောက်ကလေးငယ်တစ်ဦးလျှင် ငွေကျပ် (၄၅၀၀၀) ကျပ်နှုန်းဖြင့် ကလေးသူငယ် (၈၈၄)ဦး နှင့် ကိုယ်ဝန်ဆောင်မိခင် (၈၇၉)ဦး စုစုပေါင်း (၁၇၆၃)ဦးအတွက် စုစုပေါင်း ငွေကျပ် သိန်း(၇၉၃၃၅၀၀၀) အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝေဝေ(လေးမျက်နှာ)


