ရမည်းသင်းမြို့ အကျဉ်းဦးစီးဌာနရှိ အချုပ်သား၊ အကျဉ်းသားများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် ဒုတိယနေ့ ဆက်လက်ထိုးနှံ

ရမည်းသင်း      ဩဂုတ် ၄

 

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ အကျဉ်းဦးစီးဌာန၌ ဩဂုတ် ၄ ရက် နံနက်ပိုင်းက အချုပ်သား/သူနှင့် အကျဉ်းသား/သူများအား တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးကို ပထမအကြိမ်အဖြစ် ဒုတိယနေ့ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေးအတွက် ရမည်းသင်း အကျဉ်းထောင် ဆရာဝန် ဒေါက်တာသီဟနန္ဒက သွေးပေါင်ချိန်ခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် ကျန်းမာရေး စစ်ဆေးခြင်း တို့ကို ဦးစွာစစ်ဆေးပေးပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်မြင့်မော် နှင့် ဝန်ထမ်းများက အကျဉ်းသား ၁၂၇ ဦး၊ အကျဉ်းသူ ၂၁ ဦးနှင့် အချုပ်သား ၂၂၈ ဦး၊ အချုပ်သူ ၂၂ ဦး စုစုပေါင်း ၃၉၈ ဦးကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးပြီး ရမည်းသင်းအကျဉ်းဦးစီးဌာနရှိ အကျဉ်းသား/အချုပ်သား စုစုပေါင်း ၅၄၈ ဦးကို ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း ရမည်းသင်းအကျဉ်းဦးစီးဌာနမှ သိရသည်။

 

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို အမှတ်(၃) စစ်အခြေခံလေ့ကျင့်ရေးတပ်မှ တပ်နယ်မှူး ဗိုလ်မှူးကြီးဇော်မြင့်ဦးနှင့် ရမည်းသင်းအကျဉ်းဦးစီးဌာန တာဝန်ခံအရာရှိ (လက်ထောက် ညွှန်ကြားရေးမှူး) ဦးလှရွှေတို့က ကာကွယ်ဆေးထိုးနှံကြသည့် အကျဉ်းသား/အချုပ်သားများကို အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)