သြဂုတ် ၂၇ ရက်ကျင်းပမည့် Battleground III အမည်ရ MMA ပြိုင်ပွဲတွင် မြန်မာကစားသမား ထီရယ်လ်ထန်၏ပွဲစဉ် ပါဝင်မည်

သတင်း-ရဲရင့်လွင်
ဓာတ်ပုံ-ONE Championship

ONE Championship သည် သြဂုတ် ၂၇ ရက်တွင်ပြုလုပ်မည့် Battleground III အမည်ရ MMA ပြိုင်ပွဲကို စင်ကာပူနိုင်ငံ၌ပြုလုပ်မည်ဖြစ်ပြီး မြန်မာ MMA ကစားသမားဖြစ်သူ ချင်းတိုင်းရင်းသား  ထီရယ်လ်ထန်၏ပွဲစဉ် ပါဝင်လာမည်ဖြစ်သည်။

ONE Championship သည် ဇူလိုင်နောက်ဆုံးပတ်မှစတင်ကာ ပြိုင်ပွဲများပြန်လည်ကျင်းပလျက်ရှိပြီး ယခုလအတွင်း ပြိုင်ပွဲနှစ်ခု ကျင်းပမည်ဖြစ်သည်။ သြဂုတ် ၂၇ ရက်တွင်ပြုလုပ်မည့် Battleground III အမည်ရ MMA ပြိုင်ပွဲတွင် အဓိကတွဲဆိုင်းအဖြစ် ဆစ်သီချိုင်း (ထိုင်း) နှင့် သာဝမ်ချိုင်း (ထိုင်း)၊ အခြားစိန်ခေါ်ပွဲများအဖြစ် ဒီဂျီဒမ်ရောင် (ထိုင်း) နှင့် ဘန်မာ (တရုတ်)၊ ဒေဟွမ်ကင်မ်(တောင်ကိုရီးယား) နှင့် ရှီဝေ (တရုတ်)၊ ထီရယ်လ်ထန် (မြန်မာ) နှင့် ဆောင်မင်ဂျောင် (တောင်ကိုရီးယား)၊ ပူရော့ဗ် (မွန်ဂိုလီးယား) နှင့် ဘင်ရိုလီ (အင်္ဂလန်)၊ အမျိုးသမီးတွဲဆိုင်းအဖြစ် ဘီငုယင် (ဗီယက်နမ်/အမေရိကန်) နှင့် အိုလီဆင်မ် (ဖိလစ်ပိုင်) တို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။ ထီရယ်လ်ထန်သည် ယခုနှစ်အတွင်း ဒုတိယမြောက်ပွဲစဉ်အဖြစ် တောင်ကိုရီးယားနိုင်ငံသား ဆောင်မင်ဂျောင်နှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်သည်။ ဆောင်မင်ဂျောင်သည် MMA ကစားသမားဘဝ ပွဲ ၂၀ မြောက် ထိုးသတ်ရခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၁၉ ပွဲတွင် ၁၁ ပွဲနိုင်၊ ရှစ်ပွဲရှုံးနိမ့်ထားသည်။ ထီရယ်လ်ထန်သည် ၂၀၁၉ ခုနှစ် မတ်လတွင် ကမ္ဘောဒီးယားနိုင်ငံသား ဆာရော့သ်၊ ၂၀၁၉ ခုနှစ် ဒီဇင်ဘာတွင် တောင်ကိုရီးယားနိုင်ငံသား ကင်မ်၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် ပေါလ်လူမီဟီတို့နှင့် ထိုးသတ်ခဲ့ရာ သုံးပွဲစလုံး အနိုင်ရရှိခဲ့သည်။

ထီရယ်လ်ထန်သည် ONE Championship နှင့် ၂၀၁၉ ခုနှစ်တွင် လက်တွဲခဲ့ပြီး လေးပွဲမြောက်စိန်ခေါ်ပွဲ ထိုးသတ်ရခြင်းဖြစ်သည်။ ထီရယ်လ်ထန်သည် နာမည်ကြီး မြန်မာ MMA ကစားသမား အောင်လအန်ဆန်နှင့်အတူ အမေရိကန်နိုင်ငံ၌နေထိုင်ကာ လေ့ကျင့်မှုများ ပြုလုပ်နေသူဖြစ်သည်။