တိုကျိုတွင် အရေးပေါ် အခြေအနေကြေညာထားသော်လည်း ကူးစက်မှုများမှာ ဆက်လက် များပြားနေဆဲဖြစ်

ကေကေစိုး

 

တိုကျိုတွင် ဇူလိုင် ၂၈ ရက်က ကိုဗစ်- ၁၉ ကူးစက်ခံရသူ ၃၀၀၀ ကျော် ထပ်မံတွေ့ရှိခဲ့ရာ ယင်းအရေအတွက်မှာ နေ့စဉ်ကူးစက်မှုများတွင် အများဆုံးပင်ဖြစ်သည်။

 

ဆက်လက်များပြားဆဲ

 

တိုကျိုမြို့တွင် အရေးပေါ်အခြေအနေ ကြေညာထားသည်မှာ လေးကြိမ်မြောက်ဖြစ်သော်လည်း ကူးစက်မှုများမှာ ဆက်လက်များပြားနေဆဲဖြစ်သည်။ တိုကျိုမြို့နှင့် အနီးတစ်ဝိုက်ရှိ အိမ်နီးချင်း ဒေသများတွင်လည်း ကူးစက်မှုများမှာ များပြားနေဆဲဖြစ်သည်။ ယင်းကဲ့သို့ နောက်ထပ်ကူးစက်မှုများ များပြားနေသည့်အတွက် ကျွမ်းကျင်သူများက စိုးရိမ်လျက်ရှိသည်။

 

ဇူလိုင် ၂၈ ရက်တွင် တိုကျို၌ နောက်ထပ်ကူးစက်ခံရသူ ၃၁၇၇ ဦး ထပ်မံတွေ့ရှိခဲ့ရာ ကူးစက်မှု စံချိန်တင်များပြားနေသည်မှာ နှစ်ရက်ဆက်တိုက်ရှိသွားပြီဖြစ်သည်။ တစ်နိုင်ငံလုံးအနှံ့ နေ့စဉ်ကူးစက်မှုမှာ ၉၅၀၀ ရှိပြီး ယင်းအရေအတွက်မှာ ကပ်ရောဂါစတင်သည့်အချိန်မှစ၍ အများဆုံးပမာဏပင်ဖြစ်သည်။

 

အစီအစဉ်ရှိ

 

တိုကျိုနှင့် အိမ်နီးနားချင်းခရိုင်များတွင်လည်း ကူးစက်မှုနှုန်းမှာ ဆက်လက်များပြားဆဲပင်ဖြစ်သည်။ ကာနာဂါဝါ၊ ဆိုင်တမာ နှင့် ချီဘာခရိုင်တို့တွင်လည်း ဇူလိုင် ၂၈ ရက်တွင် ကူးစက်မှုများ စံချိန်တင်အောင် များပြားခဲ့သည်။ အဆိုပါဒေသများတွင် ကူးစက်မှုများကို ထိန်းချုပ်နိုင်ရေးအတွက် အရေးပေါ်အခြေအနေ ကြေညာရန်အတွက်လည်း ဗဟိုအစိုးရထံ တောင်းခံသွားရန် အစီအစဉ်ရှိသည်ဟု သိရသည်။ တိုကျိုသို့ နေ့စဉ် အသွားအပြန်လုပ်ကာ ရုံးတက်နေကြသူများ ရှိသည့်အတွက် ကူးစက်မှုများ များပြားလာရခြင်းဖြစ်သည်ဟု ချီဘာခရိုင်ရှိ အာဏာပိုင်များက ပြောသည်။

 

ဝေဖန်မှုများ များပြား

 

အစိုးရ၏ ကိုဗစ် -၁၉ လုပ်ငန်းအဖွဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ တိုကျိုတက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်သူ တာတီဒါကာဇာဟီရို က အိုလံပစ်အားကစားပွဲနှင့် နွေရာသီအားလပ်ရက် ကာလတို့ကြောင့်လည်း ကူးစက်မှုများ များလာနိုင်ကြောင်း၊ ယခုအချိန်သည် ကိုဗစ် -၁၉ စည်းကမ်းချက်များကို တင်းကျပ်ရမည့်ကာလ ဖြစ်သည်ဟုလည်း ပြောသည်။ ။

 

ဂျပန်နိုင်ငံ၏အရေးပေါ်အခြေအနေကြေညာမှုမှာ တခြားသော နိုင်ငံများတွင် ကျင့်သုံးပိတ်ဆို့ ကန့်သတ်မှုများကဲ့သို့ မတင်းကျပ်ကြောင်းနှင့် ကပ်ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် အကျိုးမဖြစ်ထွန်းကြောင်း ဝေဖန်မှုများ များပြားနေသည်။

 

အပြင်ထွက်သည့် အရေအတွက်နည်းပါးလာ

 

ယခုထုတ်ပြန်ထားသည့် အရေးပေါ်အခြေအနေ ကြေညာမှုမှာ ယခင်တစ်ကြိမ်ကလောက် ထိရောက်မှု မရှိဟုလည်း ကျန်းမာရေးဝန်ကြီးဌာန အဆင့်မြင့်အရာရှိကြီးတစ်ဦးက ပြောသည်။

 

ဝန်ကြီးချုပ် ဆူဂါ ယိုရှီဟိဒဲကမူ စည်းကမ်းချက်များ တင်းကျပ်ထားသည့်အတွက် အပြင်ထွက်သည့် လူအရေအတွက်နည်းပါးလာကြောင်း လက်ရှိ ကူးစက်မှုများ များပြားလာခြင်းမှာ ကူးစက်မြန် ဒယ်လ်တာဗိုင်းရပ်စ်ကြောင့်ဖြစ်ကြောင်း ပြောသည်။

 

ပြဿနာတစ်ခုပင်ဖြစ်

 

ကပ်ရောဂါထိန်းချုပ်နိုင်ရေးအတွက် ဒေသခံအစိုးရများနှင့် ပူးပေါင်းကာ လုပ်ဆောင်သွားမည်ဟုလည်း ပြောသည်။ ကာကွယ်ဆေး မထိုးရသေးသည့်လူငယ်များ များပြားနေခြင်းကလည်း ပြဿနာ တစ်ခုပင်ဖြစ်သည်ဟု တိုကျိုအုပ်ချုပ်ရေးမှူး ကိုအီကီ ယူရီကိုက ပြောသည်။

 

အခြေခံဗိုင်းရပ်စ် ကာကွယ်ရေးနည်းလမ်းများကို ပြည်သူများ လိုက်နာရန်လည်း ပြည်သူများကို ၎င်းက တိုက်တွန်းထားသည်။ မလိုအပ်ဘဲ အပြင်မထွက်ကြရန် ပြည်သူများကိုတိုက်တွန်းထားသည်။

 

ခက်ခဲလာ

 

တိုကျိုတွင် ကူးစက်မှုများ များပြားလာသည့်အတွက် တိုကျို၏ကျန်းမာရေးစနစ်မှာ ထိခိုက်လာသည်။ တိုကျိုရှိ ဟီကီဖူနီဆေးရုံ တွင် ယခုအခါ လူနာများနှင့် ပြည့်နှက်နေသည်။

 

သို့သော်လည်း လူနာများမှာ ဖျားနာသည့်အတွက် ဆေးရုံသို့ လာရောက်နေကြဆဲပင်ဖြစ်သည်ဟု အဆိုပါဆေးရုံမှ မီရူရာကူနီဆာ ကပြောသည်။ နွေရာသီကာလ အပူချိန်ပြင်းထန်မှုကြောင့် အပူလျှပ် ခြင်းနှင့် ကိုဗစ် -၁၉ ကူးစက်မှုကို ခွဲခြားရန် ခက်ခဲလာသည်။

 

ဝန်ထုပ်ဝန်ပိုးများလာ

 

အဖျားရောဂါဖြင့် ဆေးရုံရောက်လာသူအားလုံးကို ကိုဗစ် - ၁၉ သံသယဖြင့် ကုသပေးကြောင်း ၎င်းက ပြောသည်။ တိုကျိုအားကစား ပြိုင်ပွဲကြောင့်လည်း ၎င်းတို့ဆေးရုံတွင် ဝန်ထုပ်ဝန်ပိုး များလာကြောင်း အားကစားပြိုင်ပွဲသို့ ဆေးဝန်ထမ်း ရှစ်ဦးပေးပို့ထားရကြောင်း ၎င်းက ဆက်ပြောသည်။

 

တိုကျိုတွင် အရေးပေါ်အခြေအနေ ကြေညာခြင်းကို ဇူလိုင် ၁၂ ရက် က စတင်ထုတ်ပြန်ခဲ့ရာ ယင်းသက်တမ်းကို တိုးချဲ့လိုက်သည့်အပြင် အိမ်နီးချင်းခရိုင်များကိုပါ အရေးပေါ်အခြေအနေ ကြေညာမှုကို ထည့်သွင်းခဲ့သည်ဟု သိရသည်။ အိမ်နီးချင်းခရိုင်များဖြစ်သည့် ဆိုင်တမာ၊ ကာနာဂါဝါ၊ ချီဘာနှင့် အိုဆာကာတို့ကိုပါ အရေးပေါ်အခြေအနေ ကြေညာမှုအောက် ထည့်သွင်းခဲ့သည်ဟုသိရသည်။

 

နေအိမ်မှသာ အလုပ်လုပ်ရန်အားပေးထား

 

ဗဟိုအစိုးရသည် အိုကီနာဝါအတွက် အရေးပေါ်အခြေအနေ ကြေညာခြင်းကို သက်တမ်းတိုးခဲ့ပြီးနောက် ဟော်ကိုင်းဒိုး၊ အီရှီကာဝါ၊ ကျိုတို၊ ဟယိုဂိုနှင့် ဖူကူအိုကာတို့တွင်လည်း ဗိုင်းရပ်စ်ကာကွယ်ဆေး လှုပ်ရှားမှုများကို တိုးမြှင့်ခဲ့သည်ဟု သိရသည်။ ဩဂုတ်လ ၂ ရက်မှ ၃၁ရက် အထိ ယင်းကန့်သတ်ချက်များ အောက်တွင် ထားရှိမည်ဟုလည်း သိရသည်။

 

တိုကျိုနှင့် အိုကီနာဝါတို့တွင် အရေးပေါ်အခြေအနေ ကြေညာမှုမှာ ဩဂုတ် ၂၂ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ တိုကျိုတွင် ထုတ်ပြန်ထားသည့် စည်းကမ်းများအရ ကုမ္ပဏီများတွင် နေ့စဉ်ရုံးတက်မှုကို ၇၀ ရာခိုင်နှုန်းအထိ လျှော့ချခိုင်းထားပြီး နေအိမ်မှသာ အလုပ်လုပ်ရန်ကို အားပေးထားသည်။

 

အိမ်သို့ တန်းတန်းမတ်မတ်ပြန်ရမည်

 

ရုံးတက်ရသည့် ဝန်ထမ်းများမှာ ည ၈ နာရီအထိသာ လုပ်ကိုင်ရမည်ဖြစ်ပြီး နေအိမ်သို့ တန်းတန်းမတ်မတ် ပြန်ရမည်ဖြစ်သည်။ အရက်ရောင်းချသည့် စားသောက်ဆိုင်များနှင့် ဘားများကို ပိတ်ခိုင်းထားသည်။

 

အရက်ရောင်းချခြင်းမပြုသည့် စားသောက်ဆိုင်များကိုမူ ည ၈ နာရီ မတိုင်မီအချိန်အထိ ရောင်းချခွင့် ပေးထားသည်။ ပန်းခြံများနှင့် လမ်းပေါ်တွင် အုပ်စုဖွဲ့ကာ အရက်သောက်ခြင်းမှ ရှောင်ကြဉ်ရန်လည်း ပြည်သူများကို တိုက်တွန်းထားသည်။

 

ဒဏ်တပ်နိုင်

 

လုပ်ငန်းခွင်အတွင်း စစ်ဆေးခြင်းကိုငြင်းဆန်သည့် လုပ်ငန်းရှင်များနှင့် အလုပ်ချိန်လျှော့ချခြင်း မရှိသည့် လုပ်ငန်းများကို ဒဏ်ငွေတပ်နိုင်သည်ဟုလည်း သိရသည်။

 

အရေးပေါ်အခြေအနေ ကြေညာထားသည့်နေရာများတွင် ယန်း ၃၀၀၀၀၀ အထိ ဒဏ်တပ်နိုင်သည်ဟု သိရသည်။

 

ကိုးကား -အင်န်အိတ်ချ်ကေ