မြိတ် ဇူလိုင် ၁၆

မြန်မာပင်လယ်ပြင်၌ ငါးသားပေါက်ရာသီဖြစ်သည့် ဇူလိုင်လအတွင်းတွင် တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်ခရိုင် အတွင်းရှိ ကမ်းဝေးငါးဖမ်းလှေများ၏ (၅၀)ရာခိုင်နှုန်းခန့်ကို ပင်လယ်ပြင်၌ ငါးဖမ်းဆီးခွင့် ပြန်လည် ခွင့်ပြုလိုက်ကြောင်း မြိတ်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

“လုပ်ငန်းရှင်တွေ ကိုဗစ်- ၁၉ ရောဂါကြောင့် စီးပွားရေးကျပ်တည်းနေတဲ့အခြေအနေမှာ ငါးဖမ်းရာသီကို ရှေ့တိုးပြီး ဖမ်းဆီးခွင့်ပေးဖို့ တင်ပြထားတာရှိပါတယ်။ အဲဒါအပေါ်မူတည်ပြီးအစိုးရက ဇူလိုင်လ အတွင်းမှာ ငါးပြန်လည်ဖမ်းခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။ ရာနှုန်းပြည့်ဖမ်းခွင့်မပြုပါဘူး။ ရာခိုင်နှုန်း(၅၀) ခန့်လောက်ကို ဖြေလျှော့မှုတစ်ခုအနေနဲ့ ဆောင် ရွက်ပေးခြင်းဖြစ်ပါတယ်” ဟု မြိတ်ခရိုင်ငါးလုပ်ငန်းဉီးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းဦးက ပြောဆိုသည်။

ယခုနှစ်တွင် ငါးမဖမ်းရ ရာသီကို (မေ၊ ဇွန်နှင့် ဇူလိုင်)မေလ ၁ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိသတ်မှတ်ထားပြီး ကမ်းဝေးငါးဖမ်းလှေကြီးများကို ငါးဖမ်းဆီးခွင့် ရာနှုန်းပြည့်ပိတ်ထားကြောင်း သိရသည်။ 

ယခုအခါပင်လယ်ကမ်းဝေးငါးဖမ်းလှေများ၏(၅၀)ရာခိုင်နှုန်းခန့်ကိုယခုလမှစ၍ ငါးဖမ်းခွင့် ပြန်လည်ခွင့်ပြုလိုက်ပြီ ဖြစ်သောကြောင့် ငါးဖမ်းလှေများသည့်ပင်လယ်ပြင်အတွင်းငါးဖမ်းဆီးမှုများကိုလုပ် ဆောင်နေပြီဖြစ်ကြောင်းသိရသည်။ ဇူလိုင်လအတွင်း၌ပင် ငါးဖမ်းကိရိယာအမျိုးအစားအ လိုက်(၅၀)ရာခိုင်နှုန်းခန့်ကိုငါးဖမ်းခွင့်ပြန်လည်ခွင့်ပြုပေးခြင်းဖြစ်ကြောင်းသိရသည်။

"ကျွန်တော်တို့ တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာ ငါးဖမ်းလှေစုစုပေါင်း အစင်း(၁၄၀၀) ကျော်ခန့်ရှိပါတယ်။ အဲဒီတော့ငါးဖမ်းလှေ ၇၀၀ စင်းကျော်ခန့်လောက်ကို ထွက်ခွင့်ပြုမှာပါ။ ဒီလို ခွဲဝေ ရာမှာလည်း ငါးလုပ်ငန်းအဖွဲ့ချုပ်နဲ့ ပူးပေါင်းပြီး စာရင်းတင်ပြပေးလာတဲ့ အစင်းရေအပေါ်မူတည်ပြီး အစင်းရေရဲ့တစ်ဝက်ကို ခွင့်ပြုချက်ပေးနေခြင်းဖြစ်ပါတယ်။ ကိုဗစ်ကာလစီးပွား ရေးကျပ်တည်းလာမှုအပေါ် မူတည်ပြီး ဖြေလျှော့ပေးခြင်းဖြစ်ပါတယ်”ဟုမြိတ်ခရိုင် ငါးလုပ်ငန်းဦးစီးမှူး ဦးဇော်မင်းဦးက ပြောကြားသည်။

ပင်လယ်ပြင်ငါးမဖမ်းရရာသီကိုယခင်နှစ်က ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လများတွင်သတ်မှတ်ထားပြီး ကမ်းဝေးလှေကြီးများကိုရာနှုန်းပြည့်ပိတ်ထားခဲ့ကာ ယခုနှစ်တွင် မေ၊ ဇွန်နှင့် ဇူလိုင်လများကို သတ်မှတ်ထားခဲ့သော်လည်း ဇူလိုင်လအတွင်း၌(၅၀)ရာ ခိုင်နှုန်းခန့် ပြန်လည်ထွက်ခွာခွင့် ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"အခုလိုအခက်အခဲဖြစ်နေတဲ့အချိန်မှာ ငါးဖမ်းခွင့်ရရှိတဲ့အတွက်ကောင်းပါတယ်။ ဘာမှတော့အခက်အခဲ မရှိပါဘူး။ လှေလုပ်သားတွေ့လည်း အလုပ်အကိုင်ရရှိပြီး မိသားစုအတွက်ဝင်ငွေရရှိသလို ကျနော်တို့လှေရှင်တွေ အတွက်လည်းပိုအဆင်ပြေသွားပါတယ်" ဟု ငါးဖမ်းလှေပိုင်ရှင်ဖြစ်သူ ကိုဇော်အောင်က ပြောဆိုသည်။

မြန်မာနိုင်ငံတွင်ရန်ကုန်၊ မွန်၊ တနင်္သာရီ၊ ဧရာဝ တီ၊ ရခိုင်စသည့် ပင်လယ်ကမ်းရိုးတန်းဒေသ ၅ ခုရှိသည့်အနက် တနင်္သာရီကမ်းရိုးတန်းမှာ အရှည်လျာဆုံးကမ်းရိုးတန်းဒေသတစ်ခုဖြစ်ပြီး အဆိုပါကမ်း ရိုးတန်းဒေသငါးခုတို့တွင်ငါးဖမ်းလှေအစင်းရေပေါင်း (၃၄၀၀) ခန့်ရှိကြောင်းနှင့်တနင်္သာရီ တိုင်းဒေသကြီးတွင်ကမ်းဝေးငါးဖမ်းလှေကြီး အစင်း(၁၄၀၀) ၊ ကမ်းနီးငါးဖမ်းလှေ အစင်း (၉၀၀၀)နှင့်ရေလုပ်သားပေါင်း တစ်သိန်းကျော်ခန့်ရှိကြောင်း သိရသည်။ 

ယင်းကိုအမှီပြု၍ ရေလုပ်သားတို့အတွက် အသက်မွေးဝမ်းကျောင်း ပြုလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

မြင့်ဦး(မြိတ်)