စစ်ကိုင်း ဇူလိုင် ၁၆
စစ်ကိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများ တိုးပွားလာသည့်အတွက် ရောဂါပိုး တွေ့ လူနာများ အဆင်ပြေစွာ ထားရှိနိုင်စေရန် စစ်ကိုင်းပညာရေးဒီဂရီကောလိပ်ရှိ လေးထပ် အဆောက်အဦအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားရှိ လျက်ရှိကြောင်း သိရသည်။
"ကျွန်တော်တို့ စစ်ကိုင်းမြို့နယ်မှာဆို ပိုးတွေ့လူနာများ အဆင်သင့်ထားရှိကုသနိုင်ရန်အတွက် စစ်ကိုင်းခုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးမှာ ပိုးတွေ့လူနာ(၆၅)ဦး၊ နှစ်(၇၀၀)ကွင်းမှာ ပိုးတွေ့လူနာ (၄၀)ဦး၊ ဆားတောင်မြို့မှာ (၅၀)ဦး၊ ယခု ဒီလေးထပ်ဆောင်ကြီးမှာဆိုရင် (၂၂၄)ဦး၊ စုစုပေါင်း(၃၇၉)ဦး နေထိုင် ကုသပေးနိုင်အောင် စီစဉ်ဆောင်ရွက်ထားရှိပြီးဖြစ်ပါတယ် မြို့ပေါ်၊ ရပ်ကွက်/ ကျေးရွာများမှာ လည်း ထိစပ်လူနာ(၁၀၀၀)ကျော် ထားရှိနိုင်အောင်လည်း စီစဉ်ဆောင်ရွက်ထားပါတယ်" ဟု မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်စွာမောင်စိုးက ပြောပြ၍သိရသည်။
အဆိုပါလေးထပ်အဆောက်အဦတွင် နှစ်ယောက်အိပ်ခန်း (၁၁၂) ခန်း ပါရှိပြီး လူဦးရေ(၂၂၄)ဦး နေထိုင်နိုင်ကာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများအား စောင့်ကြပ်ကြည့်ရှုနိုင်ရန် CCTV (၂၂)လုံးဖြင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်းလည်း သိရသည်။
စစ်ကိုင်းမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် မြို့အဝင်/ အထွက်နေရာတွင် သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်း၍ ကျန်းမာရေးစစ်ဆေးခြင်း၊ အချက်အခြာကျသည့် နေရာများတွင် နှာခေါင်းစည်းများ ဖြန့်ဝေခြင်း၊ မြို့မဈေးကြီးနှင့်အနီးဝန်ကျင်နေရာများတွင်လည်း ဌာနဆိုင်ရာများ၊ အခြားအဖွဲ့အစည်းများက ကျန်းမာရေးအသိပညာပေးများ ဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရသည်။
စစ်ကိုင်းခရိုင်(ပြန်/ဆက်)


