ကျွန်းလှ ဇူလိုင် ၁၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မိုးစပါးမျိုးစေ့ထုတ်စံပြကွက်စိုက်ပျိုးမည့်‌ တောင်သူများပေါင်စနစ်ဖြင့် ပျိုးထောင်နည်း စိတ်ပါဝင်စားစွာ လုပ်ကိုင်လာကြကြောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

“မိုးစပါးမျိုးစေ့ထုတ်စံပြကွက်စိုက်ပျိုးရန်အတွက် ပေါင်စနစ်ဖြင့် ပျိုးထောင်ရာတွင်တစ်ဧကမျိုး စေ့(၆)ပြည် သို့မဟုတ် (၁၀)ပြည်ကို မျိုးညှောင့်ဖောက်ရပါတယ်။ ပျိုးခင်းအတွင်း အလျားပေ ၁၂၀၊ အနံ ၃ပေ၊ အမြင့် ၄လက်မရှိပျိုးပေါင်(၇)ပေါင်၊ စုစုပေါင်း ပေ ၈၄၀ရရှိအောင်ပြုလုပ်ရပါတယ်။ မျိုးစေ့များ ပူးကပ်ခြင်းမရှိစေရန် မြေဆွေး၊ ဖွဲပြာဖုံးအုပ်ရပါတယ်။ ပျိုးသက်(၂၀မှ၂၅)ရက်သားရရင် ချက်ချင်းနုတ်၊ ချက်ချင်းစိုက်ရပါတယ်”ဟုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်မြင့်မြင့်ရီက ပြောပြသည်။

အဆိုပါ‌ ပေါင်စနစ်ဖြင့်ပျိုးထောင်ခြင်းကြောင့် မျိုးစေ့ဖိုးကုန်ကျစရိတ် သက်သာကြာင်း၊ ပျိုးပင်များတို၊ တုတ်၊ သန်မာကြောင်း၊ တန်းကြားပင်ကြား(၈× ၆)လက်မ စိုက်ပျိုးခြင်းကြောင့် တစ်ဧကကောက်ကွက်ပြည့်မီကြောင်း၊ လေဝင်လေထွက်ကောင်းမွန်ပြီး ပေါင်းမြက်ရှင်းလင်းရလွယ်ကူကြောင်းနှင့် မျိုးကောင်းမျိုးသန့်ရရှိပြီး တစ်ဧကတင်း(၁၀၀)အထက်ထွက်ရှိနိုင်ကြောင်း သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)