ကျေးသီး ဇူလိုင် ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁၄ ရက် ညနေပိုင်းတွင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့တို့က ရပ်ကွက်နှင့် ကျေးရွာများအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို မော်တော်ယာဉ်ဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဒုတိယဦးစီးမှူး ဦးသက်နိုင်ထွန်း၊ ဦးစည်သူထွန်း၊ ရပ်ကျေးဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ ရပ်ကွက်၊ ကျေးရွာများအတွင်း အသိပညာပေးနှိုးဆော်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ မိမိနေအိမ်တွင်သာ နေထိုင်ကြရန်၊ မဖြစ်မနေ နေအိမ်မှ ပြင်ပသို့ထွက်ခွာရန် လိုအပ်ပါက ပါးစပ်နှင့် နှာခေါင်းစည်း(Mask) တပ်ဆင်ရန်၊ စျေးဝယ်ထွက်လျှင် တစ်အိမ်လျှင် တစ်ဦးသာသွားရောက်ရန်၊ ဆေးရုံ၊ ဆေးခန်းများ သွားရောက်ရန် လိုအပ်ပါက တစ်အိမ်လျှင် နှစ်ဦးသာ သွားရောက်ရန်၊ လူစုလူဝေးမပြုလုပ်ရန်၊ လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀)ကြာ မကြာခဏဆေးကြောပေးရန်၊ အခြားဒေသမှ ရောက်ရှိလာသူများရှိပါက မိမိတို့သက်ဆိုင်ရာ ရပ်ကွက်ရုံးများသို့ သတင်းပေးပို့ကြရန်၊ လိုက်နာရမည့် စည်းကမ်းချက်များအား တိကျစွာလိုက်နာသွားရန် စသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများကို မြန်မာနှင့် ရှမ်းဘာသာဖြင့် လှည့်လည်နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


