ဟုမ္မလင်း ဇူလိုင် ၁၅

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ်၌ ကိုဗစ်၁၉ရောဂါပိုးကူးစက်ခံရသူ များပြားပြီး သေဆုံးသူများရှိနေ၍ နောင်ပိုအောင်စံပြကျေးရွာရှိ စည်ပင်သာယာရေးဈေးအား  ဇူလိုင်လ ၁၁ ရက်မှ စပြီး တစ်ပတ်ခန့် ယာယီပိတ်ထားမည်ဖြစ်ကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။

ဟုမ္မလင်းမြို့နယ်တွင် တစ်ရက်ထက်တစ်ရက် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ပျံ့နှံ့မှု မြင့်တက်လျက်ရှိရာ ရောဂါပိုးကူးစက်ခံထားရသူ ဇူလိုင်လ၁၄ရက်အထိ (၆၀၀) ကျော်ရှိပြီး သေဆုံးသူ (၉)ဦးရှိကြောင်း သိရသည်။

"ကျွန်တော်တို့ကျေးရွာသူ ကျေးရွာသားတွေက အတော်လေးဒီကိုဗစ်ရောဂါကို ကြောက်ကြတယ်ဗျ ဖြစ်လာရင်မလွယ်ဘူး။ အလုပ်ပျက်အကိုက်ပျက်နဲ့ ပြီးတော့လည်း လယ်တွေဆင်းချိန် ရောက်ပြီလေ ပြီးတော့လည်း ရောဂါကိုကြိုတင်ကာကွယ်တဲ့အနေနဲ့ ဒီစျေးကိုယာယီ (၇)ရက်တစ်ပတ်လောက်တော့ ပိတ်ထားတာကောင်းပါတယ်" ဟု နောင်ပိုအောင်ကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးမှပြောသည်။

ဟုမ္မလင်းမြို့ တွင် ကုသရေးစင်တာမှ ရောဂါပိုးကင်းစင်၍ ဆေးရုံမှဆင်းသွားသူလူနာ(၂၂၃)ဦးရှိပြီး ဆေးကုသဆဲလူနာ(၃၇၈)ဦးရှိကာ သေဆုံးသူ(၉)ဦးအထိ ရှိခဲ့ပြီးဖြစ်ကြောင်း သိရသည်။

လှိုင်ဘွား(ဗန်းမောက်)