နောင်ချို၊ ၂၂ ဇွန်
ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင် ဇွန် ၂၁ ရက်က ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ အမျိုးသား (၈)ဦး၊ အမျိုးသမီး (၁၁)ဦး စုစုပေါင်း (၁၉)ဦး ထပ်မံတွေ့ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများမှာ ဇွန် ၁၉ ရက်တွင် ရောဂါပိုးတွေ့ရှိခဲ့သည့် ဘူတာရပ်ကွက်မှ အမျိုးသား (၁)ဦး၊ အမျိုးသမီး (၁)ဦးတို့နှင့် ထိတွေ့ဆက်စပ်သူ (၁၀၇)ဦးနှင့် ဇွန် ၂၁ ရက်တွင် အနံ့ပျောက်၍ လာရောက်စစ်ဆေးသူ (၅)ဦး စုစုပေါင်း (၁၁၂)ဦးကို စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာနှင့် ထိတွေ့ဆက်စပ်ခဲ့သူ (၁၆)ဦး၊ အနံ့ပျောက်၍ လာရောက်စစ်ဆေးသူ (၃)ဦး စုစုပေါင်း (၁၉)ဦး၌ ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ရောဂါပိုး တွေ့ရှိသူ (၁၉) ဦးတွင် မူကြိုကလေးငယ် (၁)ဦးနှင့် တတိယတန်းကလေး (၁)ဦး ပါဝင်ကြောင်း သိရသည်။
အဆိုပါ ပိုးတွေ့လူနာများအား နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံတွင် ကြပ်မတ်ကုသနိုင်ရန် သီးခြားဆောင်ရွက်ထားရှိပြီး ပိုးတွေ့လူနာများနှင့် မိသားစုများနေထိုင်သည့် နေအိမ်၊ အဆောက်အဦများအား ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေးညွှန်ကြားချက်နှင့်အညီ အသွားအလာ ကန့်သတ်ထားရှိပြီး ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီထံမှ သိရသည်။
ထွေးငယ် (ပြန်/ဆက်)


