နေပြည်တော်၊ ဇွန် ၂၁

 

စားသုံးသူများထိရောက်စွာ အကာအကွယ်ပေးနိုင်ရေးနှင့် ကုန်ထုတ်စွမ်းအား အရည်အသွေး မြင့်မားရေး ရည်ရွယ်၍ စစ်ဆေးရေးမှူးများ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (၁/၂၀၂၁) ကို ယနေ့နံနက် ၉ နာရီခွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာန၊ ညီလာခံခန်းမ၌ ကျင်းပသည်။

 

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက အလုပ်ရုံဆွေးနွေးပွဲကို စားသုံးသူရေးရာဦးစီးဌာနနှင့် ဆက်စပ်သည့် ဘာသာရပ်များကို ကျွမ်းကျင်စွာ ဆောင်ရွက်နိုင်ရန် အပြင် အခြားဝန်ကြီးဌာန (၆) ခု၏ လုပ်ငန်းသဘောတရားများ၊ စားသုံးသူရေးရာ ဦးစီးဌာနက ဥပဒေအရ ခန့်အပ်ထားသည့် စစ်ဆေးရေးအရာရှိများသည် ဈေးကွက်စောင့်ကြည့် စစ်ဆေးသောအခါ လုံခြုံစိတ်ချရမှုမရှိသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများကို မည်ကဲ့သို့စီမံခန့်ခွဲ ရမည်ဆိုသည့် အကြောင်းအရာများ၊ အန္တရာယ်မကင်းသော ကုန်စည်များကို မှန်ကန်စွာဆုံး ဖြတ်နိုင်ရန်နှင့် အန္တရာယ်ရှိသော ကုန်စည်များကို သတိပေးခြင်း၊ သိမ်းဆည်းခြင်းနှင့် တားမြစ်ခြင်း လုပ်ငန်းစဉ်များ စနစ်တကျ ဆောင်ရွက်နိုင်ရန်တို့အတွက် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် စစ်ဆေးရေးမှူးများအနေဖြင့် လက်တွေ့နယ်ပယ်တွင် တွေ့လာရသည့် အတွေ့အကြုံများနှင့် ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများ၏ ဆွေးနွေးချက်များ ပေါင်းစပ်ပြီး နောက်ဆုံးတွင် စံလုပ်ထုံးလုပ် နည်းတစ်ခုရလာသည်အထိ ဆွေးနွေးဆောင် ရွက်ကြ ရန်လိုကြောင်း မှာကြားခဲ့သည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးညွန့်အောင်နှင့် အမြဲတမ်းအတွင်းဝန် ဦးမင်းမင်းတို့မှ ထပ်မံဖြည့်စွက်ပြောကြားသည်။

 

အလုပ်ရုံဆွေးနွေးပွဲသို့ ညွှန်ကြားရေးမှူးချုပ်များ၊ နည်းပြအရာရှိများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စစ်ဆေးရေးမှူး(၄၉)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်