နေပြည်တော် ဇွန် ၂၁

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက် ၇ နာရီတွင် နေပြည်တော် ဘူတာကြီးပုရဝုဏ်အတွင်း၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့်ဇနီး၊ ဒုတိယဝန်ကြီးများနှင့် ဇနီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဇနီးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ အထွေထွေမန်နေဂျာများနှင့် အရာထမ်း၊ အမှုထမ်းများတက်ရောက်ကြသည်။

ယနေ့မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ပိတောက်ပင်၊ သီဟိုဋ်ပင်၊ ရတနာတန်းဝင်ကျွန်းပင်များ၊ မာဂျန်ရှားနှင့် မယ်ဇလီပင်များ စိုက်ပျိုးခဲ့ကြပြီး  ဝန်ထမ်းများ၏ သစ်ပင်စိုက်ပျိုးနေမှုကို ပြည်ထောင်စုဝန်ကြီးက လိုက်လံကြည့်ရှု အားပေးသည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနသည် ၂၀၁၁ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ သီးပင်စားပင်များအပြင် ကျွန်းပင်ပေါင်း (၂၄၀၀) ကျော်၊ သရက်ပင် (၈၅၀) ကျော်နှင့် အရိပ်ရ လေကာပင် (၆၂၂၅) ပင်ကို စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီး ဌာန၊ ရုံးအမှတ် (၂၉) အနီးရှိလျှိုပိတ်ဆည်တွင်ကျင်းပသည့် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ တက်ရောက်ပြီး ဆည်အတွင်းသို့ ငါးမြစ်ချင်းကောင်ရေ (၂၀၀၀၀) ငါးမျိုး စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်