နေပြည်တော် ဇွန် ၂၁
ဒေသတွင်းလူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းကော်မတီ အစည်းအဝေး (၁/၂၀၂၁)ကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအနေနှင့် ပြည်သူကိုရှေ့ရှုပြီး ပြည်သူ့လိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက်ရာတွင် ရခိုင်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်မှုကို အထူးအလေးထား ဦးစားပေးဆောင်ရွက်လျက် ရှိပါကြောင်း၊ မိမိတို့လုပ်ငန်း ကော်မတီသည် ဒေသတွင်း လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီနှင့်ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် ဝန်ကြီးဌာနအလိုက် အမြန်အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်းနှင့် ပြည်သူများသိရှိနိုင်ရေး ပွင့်လင်းမြင်သာစွာချပြပေးရန်နှင့် အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ပေးရန်ဖြစ်ကြောင်း။
ယခုကဲ့သို့ ဖွံ့ဖြိုးရေးစီမံကိန်းများဆောင်ရွက်ရာတွင် သဘာဝဘေးဒဏ်ခံနိုင်ရည်ရှိသော အခြေခံ အဆောက်အဦများ တည်ဆောက်ရန် လိုအပ်သလို ဒေသဖွံ့ဖြိုးရေးအတွက် အခြေခံ အဆောက်အဦများဖြစ်သည့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ၊ လျှပ်စစ်ကဏ္ဍနှင့် ဆက်သွယ်ရေးကဏ္ဍများလည်း ထိထိရောက်ရောက် ဆောင်ရွက်ပေးကြရန်နှင့် ဒေသခံပြည်သူများ၏ ပညာရေးနှင့် ကျန်းမာရေး မြင့်မားရေးအတွက်လည်း အခြေခံမှစ၍ ရည်မှန်းချက်ထား ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ဒေသဖွံ့ဖြိုးတိုး တက်ရေးနှင့် ဝင်ငွေတိုးပွားလာစေရေးအတွက် အရည်အသွေးမြင့်မားပြီး သဘာဝပတ်ဝန်း ကျင်နှင့် လိုက်လျောညီထွေဖြစ်စေမည့် ရေရှည်ဖွံ့ဖြိုးတိုးတက်သည့် ကုန်ထုတ်လုပ်ရေးနှင့် တင်ပို့ရေးကိုဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌတို့နှင့် လုပ်ငန်းကော်မတီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တက်ရောက် လာကြသူများက ဆွေးနွေးကြပြီး ဆွေးနွေးချက်များအပါ် ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


