ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး (၁၅)ကြိမ်မြောက် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်

နေပြည်တော်၊ ၁၅ ဇွန်

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ဦးဆောင်သည့် နိုင်ငံတကာနှင့် ပြည်တွင်းရေးရာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီး ငြိမ်းချမ်းနှင့် တာဝန်ရှိသူများသည် ယနေ့တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်း ဒါရူဆလာမ်နိုင်ငံက ဦးစီးကျင်းပသည့် (၁၅)ကြိမ်မြောက် အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးသို့ Video Conference စနစ်ဖြင့် ကာကွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမမှ ပါဝင်တက်ရောက်ကြသည်။

 

ထို့ပြင် အာဆီယံ-တရုတ် မိတ်ဖက်ဆက်ဆံရေး နှစ် (၃၀) ပြည့် အထိမ်းအမှတ်နှင့် အာဆီယံ-တရုတ် ကာကွယ်ရေးဝန်ကြီးများ အလွတ်သဘော အစည်းအဝေးကို (၁၅)ကြိမ်မြောက် အာဆီယံကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးနှင့် တစ်ဆက်တည်း ကျင်းပသည်။

 

အဆိုပါ အစည်းအဝေးများတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကာကွယ်ရေးဝန်ကြီးများက ဂရုပြု၊ ပြင်ဆင်၊ အောင်ပွဲဝင် ဟူသည့် အာဆီယံ အသိုက်အဝန်းတစ်ရပ် ဖြစ်လာစေရေးအတွက် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အာဆီယံကာကွယ်ရေးဝန်ကြီးများ ပူးတွဲကြေညာချက်ကို အွန်လိုင်းမှတစ်ဆင့် သဘောတူညီထုတ်ပြန် ကြေညာခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်