သံဖြူဇရပ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

သံဖြူဇရပ်၊ ၁၅ ဇွန်

 

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊  ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် (၁၁) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

 

ရှေးဦးစွာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဌ  ဦးအောင်မိုးလွင်က ဌာနဆိုင်ရာများအနေဖြင့် သဘာဝဘေးနှင့် ပတ်သက်၍  မိမိတို့စီမံဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ရပ်ကွက် /ကျေးရွာ အုပ်ချုပ်ရေးမှူးများ အနေဖြင့်  ကျောင်းများဖွင့်လှစ်နိုင်မှုနှင့် ကျောင်းသူ/ကျောင်းသားများ ကျောင်းတက်ရောက်နိုင်မှု အခြေအနေများကို  ကြီးကြပ်ဆောင်ရွက်ပေးစေလိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကြိုတင်ဆောင်ရွက်ထားရှိမည့် အစီအမံများ ဆောင်ရွက်ထားကြရန်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အနေဖြင့်လည်း ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာများကို အဖွဲ့များခွဲကာ မူဝါဒများနှင့်အညီ ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ  မြို့နယ်ဦးစီးမှူးရုံးမှ လူဝင်မှုကြီးကြပ်ရေးမှူး ဒေါ်ခင်စန်းဝင်းက အိမ်ထောင်စုလူဦးရေစာရင်းဆိုင်ရာ   အချက်အလက်များကို ချပြရှင်းလင်းပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူး   ခင်မောင်ထွန်းက နယ်မြေဒေသလုံခြုံရေး၊ လိုင်စင်မဲ့ယာဉ်များမရှိစေရေးနှင့် ဧည့်စာရင်းစစ်ဆေးခြင်းများကို ဆွေးနွေးသည်။

 

အစည်းအဝေးတို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများမှ သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးပြီး တာဝန်ရှိသူများမှလည်း ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

အေးအေးသီ