သာယာဝတီမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

သာယာဝတီ ၊ ၁၅ ဇွန်

 

ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ သာယာဝတီမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ သိရှိလိုက်နာရမည့်အချက်များ၊ ဆောင်ရန်/ရှောင်ရန်များအား မြို့နယ်အတွင်းသို့ ယနေ့နံနက်ပိုင်းက လိုက်လံကြေညာပေးလျက်ရှိသည်။

 

ထိုသို့ လိုက်လံကြေညာရာတွင် သာယာဝတီမြို့နယ်နှင့် ထိစပ်လျက်ရှိသော မြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများရှိနေသည့်အတွက် မိမိတို့မြို့နယ်အတွင်းသို့ မကူးစက်စေရန် အထူးဂရုပြု သွားလာနေထိုင်ကြရန်၊ ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ သွားလာရာတွင် Mask နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာကြရန်၊ မလိုအပ်ဘဲ လူစုလူဝေးရှိသော နေရာများသို့ သွားလာခြင်းမှ ရှောင်ကျဉ်ရန်၊ လက်ကို မကြာခဏဆေးကြောခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန် စသည့် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့် ပတ်သက်သည့် ထုတ်ပြန်ချက်များအား လိုက်နာ၍ အချင်းချင်းအသိပေးခြင်း၊ သတိပေးခြင်းများဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန် သာယာဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လိုက်လံနှိုးဆော်ပေးလျက်ရှိကြောင်း သိရသည်။

 

သန့်ဇော်(ပြန်/ဆက်)