ချီလီနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၆၂၃၄ ဦး ထပ်မံတွေ့ရှိ

ဇွန် ၁၅

 

ချီလီနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၆၂၃၄ ဦး ထပ်မံတွေ့ရှိခဲ့သဖြင့်  ရောဂါကူးစက်ခံရသူဦးရေ ၁၄၈၂၆၆၃ အထိ မြင့်တက်လာသည်။

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် တစ်ရက်အတွင်း  ၉၇ ဦးအထက် သေဆုံးခဲ့ပြီး သေဆုံးသူပေါင်း ၃၀၈၀၄ ဦး အထိရှိလာသည်။

 

နိုင်ငံလူဦးရေ၏ ရာခိုင်နှုန်း ၆၀ နီးပါး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးဖြစ်သော်လည်း ပြီးခဲ့သည့် သီတင်းပတ်အတွင်း ရောဂါကူးစက်မှုများ မြင့်မားလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ပြောကြားချက်အရ သိရသည်။

 

ထိုကိုဗစ်-၁၉ ရောဂါကူးစက်ခံသူများအနက် ၇၃ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့်အဝ မထိုးနှံရသေးသူများဖြစ်ကြောင်း၊ ၂၇ ရာခိုင်နှုန်းသည် ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူများဖြစ်ပြီး နောက်ဆုံးအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသည်မှာ ၁၄ ရက်ကြာမြင့်ပြီ ဖြစ်ကြောင်း  သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ကျန်းမာရေးဝန်ကြီး ပါရစ်က ပြောကြားခဲ့သည်။

 

အထူးကြပ်မတ်ကုသဆောင်တွင် ၄၅၂၅ ဦး ကုသမှုခံယူနိုင်သည့်အနက် ၄၃၆၅ ဦး သို့မဟုတ် ၉၆ ရာခိုင်နှုန်း အသုံးပြုနေပြီဖြစ်ကြောင်း  ၎င်းက သတိပေးပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို