ဂျပန်နိုင်ငံတွင် သက်ကြီးရွယ်အို ၃၀ ရာခိုင်နှုန်းမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်ကြိမ်ထိုးပြီးဖြစ်

တိုကျို ၁၄ ဇွန်

ဂျပန်နိုင်ငံတွင် သက်ကြီးရွယ်အို ၃၀ ရာခိုင်နှုန်းကျော်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်ကြိမ် ထိုးပြီးဖြစ်ကြောင်း ဂျပန်အစိုးရကထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။ ဂျပန်နိုင်ငံ၏ ကာကွယ်ဆေး ထိုးနှံပေးရေး အစီအစဉ်မှာ ဖေဖော်ဝါရီလအတွင်းက စတင်ခဲ့ခြင်းဖြစ်ပြီး ကနဦးတွင် ကျန်းမာရေးလုပ်သားများကို ပစ်မှတ်ထားကာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးခဲ့သည်။

ဧပြီလတွင်မူ အသက် ၆၅ နှစ်နှင့်အထက်များကိုပါ ကာကွယ်ဆေးထိုးပေးခဲ့သည်။ ဇွန် ၁၁ ရက်တွင် ထုတ်ပြန်သည့် အချက်အလက်များအရ သက်ကြီးရွယ်အို ၃၁ ဒသမ ၁၅ ရာခိုင်နှုန်းမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်ကြိမ် ထိုးပြီးဖြစ်ကြောင်း သိရသည်။

နှစ်ကြိမ် ကာကွယ်ဆေးထိုးပြီးသူအရေအတွက်မှာ လူပေါင်းတစ်သန်းရှိပြီး ရာခိုင်နှုန်းအားဖြင့် ကြည့်လျှင် ၅ ဒသမ ၀၈ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။ တိုကျိုတွင် ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသူ အရေအတွက်မှာ ၃၃ ဒသမ ၅၇ ရာခိုင်နှုန်းရှိပြီး ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသူ အရေအတွက်မှာ ၄ ဒသမ ၄၇ ရာခိုင်နှုန်းရှိသည်။

အိုဆာကာတွင်လည်း ပထမအကြိမ်ကာကွယ် ဆေးထိုးပြီးသူ ၂၇ ဒသမ ၃၆ ရာခိုင်နှုန်းနှင့် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးပြီးသူ အရေအတွက်မှာ ၃ ဒသမ ၉၀ ရာခိုင်နှုန်းရှိသည်ဟု သိရသည်။

အသက်ရှူ အထောက်အကူပြုကိရိယာ အသုံးပြုရသူနှင့် အထူးကြပ်မတ်ကုသဆောင်တွင် ကုသမှုခံယူရသူ အရေအတွက်မှာလည်း လျော့ကျလာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ဇွန် ၁၂ ရက် တွင် ပြောကြားခဲ့သည်။

အင်န်အိတ်ချ်ကေ