ကျောင်းကုန်းမြို့တွင် ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ပံ့ပိုးငွေပေးအပ်

ကျောင်းကုန်း၊ ၁၁  ဇွန်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များ ရှင်သန် ဖွံ့ဖြိုးရေးအတွက် ပံ့ပိုးငွေပေးအပ်ခြင်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ အေးချမ်းသာယာခန်းမ၌ ဇွန်လ ၁၀ ရက် မွန်းလွဲ ၂ နာရီအချိန်ခန့်ကကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းက ယခုငွေများကို ကျေးရွာ စာကြည့်တိုက်များ၏ လိုအပ်သည့်နေရာများတွင် စနစ်တကျအသုံးပြုသွားရန်နှင့် စာဖတ်ရှိန်မြင့်မားရေး လုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်ပေးကြရန် ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ချိုမာထွန်းက စာကြည့်တိုက်များ ရေရှည်တည်တံ့ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မကျီးပင်ကွင်းအုပ်စုရှိ မင်္ဂလာဥယျာဉ် စာကြည့်တိုက်အတွက် အလှူငွေကျပ်(၂)သိန်းကို အဖွဲ့ဝင်(၂)ဦးတင်မောင်ကလည်းကောင်း၊ အမှတ်(၅)ရပ်ကွက်(ယခင် အိုးဘို) ရှိ အနော်ရထာ စာကြည့်တိုက် အတွက် အလှူငွေကျပ်(၁)သိန်းကို အဖွဲ့ဝင်(၃)လ.ဝ.က ဦးစီးမှူး ဦးမျိုးဝင်းရှိန် ကလည်းကောင်း အသီးသီးပေးအပ်ရာ စာကြည့်တိုက်မှူးများက လက်ခံရယူခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)