၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလားခြေစစ်ပွဲလက်ကျန်ပွဲများ ဇွန် ၁၁ ရက်နေ့ ဆက်လက်ယှဉ်ပြိုင်ကစားမည်

၁၀ ဇွန်

၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စု လက်ကျန်ပွဲများကို ဇွန် ၁၁ ရက်  ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး မြန်မာ-ကာဂျစ္စတန်ပွဲအပါအဝင် စုစုပေါင်း ၁၂ ပွဲကျင်းပသွားမည်ဖြစ်သည်။

ကမ္ဘာ့ဖလားခြေစစ်ပွဲများအဖြစ် အုပ်စု (A) တွင် ဖိလစ်ပိုင်နှင့် ဂူအမ်၊ တရုတ်နှင့် မော်လ်ဒိုက်၊  အုပ်စု(B) တွင် နီပေါနှင့် သြစတြေးလျ၊ ကူဝိတ်နှင့် ဂျော်ဒန်၊ အုပ်စု (C)တွင် ကမ္ဘော ဒီးယားနှင့် အီရန်၊ ဟောင်ကောင်နှင့် အီရတ်၊  အုပ်စု(D) တွင် ယီမင်နှင့် ဥဇဘက်ကစ္စတန်၊  စင်ကာပူနှင့် ဆော်ဒီအာရေဗျ၊ အုပ်စု (E)တွင် အာဖဂန်နစ္စတန်နှင့် အိုမန်၊ အုပ်စု (F) တွင် မြန်မာနှင့် ကာဂျစ္စတန်၊ အုပ်စု(G) တွင် အင်ဒိုနီးရှားနှင့် ယူအေအီး၊ မလေးရှားနှင့် ဗီယက်နမ်တို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာအသင်းနှင့် ကာဂျစ္စတန်အသင်းပွဲကို မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲတွင် ဂျပန်နိုင်ငံ အိုဆာကာမြို့ရှိ ယန်မာကွင်း၌ ပြုလုပ်မည်ဖြစ်သည်။ မြန်မာနှင့် ကာဂျစ္စတန်ပွဲမှာ  နှစ်သင်းစလုံးအတွက် အရေးပါလျက်ရှိပြီး အနိုင်ရသည့်အသင်းမှာ အုပ်စုဒုတိယနေရာကို ဆက်လက်မျှော်လင့်နိုင်မည်ဖြစ်ပြီး အရေးနိမ့်သည့်အသင်းမှာမူ အမြင့်ဆုံး အဆင့် (၄)နေရာသာ ရယူနိုင်မည်ဖြစ်သည်။ ယင်းအုပ်စုတွင် ဂျပန်အသင်းက အုပ်စုပထမနေရာရရန် သေချာသွားခဲ့ပြီးနောက် ဒုတိယနေရာအတွက် အသင်းသုံးသင်း ဆက်လက်ပြိုင်ဆိုင်ရမည်ဖြစ်သည်။ မြန်မာအသင်းသည် လက်ကျန်နှစ်ပွဲအလိုတွင် အမြင့်ဆုံးဒုတိယနေရာအထိ မျှော်လင့်နိုင်နေသလို အုပ်စုအောက်ဆုံးအထိရောက်သွားနိုင်သည့်အခြေအနေလည်းရှိနေသည်။ မြန်မာအသင်းအတွက် လက်ကျန်နှစ်ပွဲစလုံး အနိုင်ရရန် လိုအပ်နေသော်လည်း ကာဂျစ္စတန်နှင့်ပွဲတွင် အနိုင်ရမှသာ ဆက်လက်မျှော်လင့်နိုင်မည့်အေနအထားဖြစ်နေသည်။ ထို့အတူ ကာဂျစ္စတန်အသင်းမှာလည်း နောက်ဆုံးပွဲတွင် ဂျပန်အသင်းနှင့် ကစားရမည်ဖြစ်၍ မြန်မာအသင်းနှင့်ပွဲတွင်သာ အနိုင်မရခဲ့ပါက အဆင့် (၄) နေရာသာရရှိမည်ဖြစ်သည်။ မြန်မာအသင်းသည် ပထမအကျော့အဝေးကွင်းပွဲတွင် ကာဂျစ္စတန်ကို ခုနစ်ဂိုးပြတ် အရေးနိမ့်ထားသဖြင့် ယခုပွဲတွင် ရှုံးကြွေးပြန်ဆပ်နိုင်ရန် ကြိုးပမ်းရမည်ဖြစ်သည်။

လက်ရှိရပ်တည်မှုအရ အုပ်စု (F) တွင် ဂျပန်အသင်းက ခုနစ်ပွဲကစား ၂၁ မှတ်ဖြင့် အုပ်စုပထမနေရာတွင် ဆက်လက်ရပ်တည်နိုင်ခဲ့ပြီး တာဂျစ်ကစ္စတန်အသင်းက ခုနစ်ပွဲကစား ရမှတ် ၁၀ မှတ်၊ ကာဂျစ္စတန်အသင်းက ခြောက်ပွဲကစား ခုနစ်မှတ်၊ မြန်မာအသင်းက ခြောက်ပွဲကစား ခြောက်မှတ်၊ မွန်ဂိုလီးယားအသင်းက ပွဲကုန် ရှစ်ပွဲကစား ခြောက်မှတ်ရရှိခဲ့သည်။ အရေးကြီးသည့် လက်ကျန်ပွဲများမတိုင်မီ မြန်မာအသင်းအတွက် ဝမ်းနည်းစရာကိစ္စနှင့် ကြုံတွေ့ထားပြီး Kit Manager အဖြစ် လိုက်ပါသွားသည့် ကိုပြည့်စုံနိုင်မှာ ဇွန် ၉ ရက်နံနက်ပိုင်းက ဂျပန်နိုင်ငံရှိ တည်းခိုရာဟိုတယ်၌ ရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ ကိုပြည့်စုံနိုင် ကွယ်လွန်ခဲ့ခြင်းအတွက် အာရှဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ရှိတ်ဆယ်လ်မန်အယ်လ်ခါလီဖာက ဝမ်းနည်းကြောင်းစာကို အာရှဘောလုံးအဖွဲ့ချုပ် ဝက်ဘ်ဆိုက်တွင် ဖော်ပြထားပြီး မြန်မာ-ကာဂျစ္စတန်ပွဲမတိုင်မီ ဝမ်းနည်းခြင်းအထိမ်းအမှတ် တစ်မိနစ်ငြိမ်သက်မည်ဖြစ်သည်။

သတင်း-ရဲရင့်လွင်

ဓာတ်ပုံ-MFF

ုြ့‌ြေ်ိ