ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးပြုလုပ်

ရန်ကုန်၊ ၉ ဇွန်

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၅/၂၀၂၁)ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ရင်းနှီးမြှုပ်နှံမှုကော်မတီရုံးရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးလှစိုး၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၃) ဦးအောင်သန်းဦး၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဌေးအောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးလှစိုးက ရန်ကုန်တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ပတ်သက်၍ ဥပဒေ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ပတ်သက်ပြီး တက်ရောက်လာကြသူများမှ ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရန် ပြောကြားသည်။

ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံး ညွှန်ကြားရေးမှူး ဦးမျိုးခိုင်ဦးက ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၁)ကြိမ်မြောက် အစည်းအဝေး မှတ်တမ်းအား အတည်ပြုပေးပါရန် တင်ပြသည်။

ဆက်လက်၍ ဝါးခယ်မရောင်းဝယ်ရေး ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူက မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် ဆန်ကြိတ်ခွဲခြင်း၊ ဆန်ဖွတ်ချော သန့်စင်ထုတ်လုပ်ခြင်းလုပ်ငန်းအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ဆောင်ရွက်ခွင့်ပြုပါရန်  အတည်ပြုလျှောက်ထားလွှာ တင်ပြခြင်းနှင့် ရွှေမြန်မာ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေး ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူက မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် CMP စနစ်နှင့် Normal စနစ် နှစ်မျိုးဖြင့် ငါးမျိုးစုံ တန်ဖိုးမြင့် ပြုပြင်ထုတ်လုပ် တင်ပို့ခြင်းလုပ်ငန်းအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ဆောင်ရွက်ခွင့်ပြုပါရန်  အတည်ပြုလျှောက်ထားလွှာ တင်ပြခြင်းတို့ကို တင်ပြကြသည်။

ယင်းနောက် တိုင်းဒေသကြီး စီမံအုပ်ချုပ်မှုကောင်စီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အထွေထွေကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ (၇)ခုတို့၏ တင်ပြချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

သတင်းစဉ်