မန်စီးတီးအသင်းမှ နည်းပြ ဂွါဒီယိုလာနှင့် နောက်ခံလူ ရူဘင်ဒီယက်စ်တို့ ပရီမီယာလိဂ်ပြိုင်ပွဲ၏ တစ်ရာသီအကောင်းဆုံးဆုများ ဆွတ်ခူး

  ဇွန်

မန်စီးတီးအသင်းမှ နည်းပြဂွါဒီယိုလာနဲ့ နောက်တန်းကစားသမား ရူဘင်ဒီယက်စ်တို့ဟာ ပရီမီယာလိဂ်ပြိုင်ပွဲရဲ့ တစ်ရာသီ အကောင်းဆုံဆုတွေကို ရယူဆွတ်ခူးနိုင်ခဲ့တယ်လို့ သိရပါတယ်။

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာဟာ ပရီမီယာလိဂ် ပြိုင်ပွဲရဲ့ တစ်ရာသီအကောင်းဆုံးနည်းပြဆုကို ဘောလုံးရာသီ လေးနှစ်တာကာလအတွင်း သုံးကြိမ်မြောက်ရယူဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး အသက် ၂၄ နှစ်အရွယ်ရှိ ပေါ်တူဂီကြယ်ပွင့် ရူဘင်ဒီယက်စ်ဟာလည်း မန်စီးတီးအသင်း ပရီမီယာလိဂ်ဖလားရရှိရေးအတွက် အသင်းရဲ့ ဗဟိုခံစစ်ကြောင်းမှာ အကောင်းဆုံး ခြေစွမ်းပြကစားနိုင်ခဲ့တာကြောင့် တစ်ရာသီအကောင်းဆုံးကစားသမားဆုကို ရယူဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက ဘင်ဖီကာအသင်းကနေ မန်စီးတီးအသင်းဆီကို ပြောင်းရွှေ့ကြေးပေါင် ၆၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ နောက်တန်းကစားသမား ရူဘင်ဒီယက်စ်ဟာ မန်စီးတီးအသင်းအတွက် ပရီမီယာလိဂ်ပွဲစဉ် ၃၂ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၂၃ ပွဲအထိ နိုင်ပွဲရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ကစားသမားတွေထဲမှာ တစ်ဦးအပါအဝင်လည်း ဖြစ်ပါတယ်။

နည်းပြ ဂွါဒီယိုလာနဲ့ နောက်ခံလူ ရူဘင်ဒီယက်စ်တို့ဟာ မန်စီးတီးအသင်းအတွက် ပရီမီယာလိဂ်ဖလားကို ရယူပေးနိုင်ခဲ့တဲ့အပြင် ကာရာဘောင်ဖလားကိုလည်း ရယူပေးနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ တော့ချန်ပီယံဆုနဲ့လွဲခဲ့ကာ ဒုတိယနေရာနဲ့ပဲကျေနပ်ခဲ့ရတာဖြစ်ပါတယ်။

ပရီမီယာလိဂ်ပြိုင်ပွဲရဲ့ တစ်နှစ်တာအကောင်းဆုံးလူငယ်ကစား သမားဆုကို အသက် ၂၁ နှစ်အရွယ်ရှိ မန်စီးတီးနဲ့ အင်္ဂလန် ကွင်းလယ်ကစားသမား ဖီးလ်ဖိုဒန်က ရရှိခဲ့တာဖြစ်ပြီး ဖီးလ်ဖိုဒန်ဟာ မန်စီးတီး အသင်းနဲ့အတူ ပရီမီယာလိဂ်ပြိုင်ပွဲမှာ ကိုးသွင်းယူပေးထားကာ ငါးဂိုး ဖန်တီးပေးထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပရီမီယာလိဂ်ပြိုင်ပွဲရဲ့ တစ်ရာသီအတွင်း အကောင်းဆုံးသွင်းဂိုးဆုကိုတော့ စပါးအသင်း ကွင်းလယ်ကစားသမား အဲရစ်လာမယ်လာက ရယူဆွတ်ခူးနိုင်ခဲ့ပြီး မတ်လအတွင်းက အာဆင်နယ်အသင်းနဲ့ စပါးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ လန်ဒန်ဒါဘီ ပွဲစဉ်မှာ သွင်းယူခဲ့တဲ့ သွင်းဂိုးကနေ ရရှိခဲ့တာဖြစ်ပါတယ်။

ပရီမီယာလိဂ်ပြိုင်ပွဲရဲ့ တစ်နှစ်တာအကောင်းဆုံးဆုတွေကို ပရီမီယာလိဂ်ကလပ်အသင်း ၂၀ မှ အသင်းခေါင်းဆောင်တွေ၊ ဘောလုံးကျွမ်းကျင်ပညာရှင်များအဖွဲ့နဲ့ အီးအေအားကစားသမားဝက်ဘ်ဆိုက်မှ တစ်ဆင့် အများပြည်သူ မဲပေးရွေးချယ်ခြင်းတို့နဲ့အတူ ရွေးချယ်ခဲ့တာဖြစ်ပြီး မန်စီးတီးနောက်ခံလူ ရူဘင်ဒီယက်စ်ဟာ မေလအတွင်းက ဘောလုံးအားကစားကလောင်ရှင်များအသင်းက ပေးအပ်တဲ့တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုလည်း ရယူဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာဟာ မန်စီးတီးအသင်းနဲ့အတူ ပရီမီယာလိဂ်ဖလားကို သုံးကြိမ်ရယူ ဆွတ်ခူးပေးနိုင်ခဲ့ပြီဖြစ်တာကြောင့် နည်းပြ အာစင်ဝင်းဂါး၊ နည်းပြ မော်ရင်ဟိုတို့နဲ့ ပရီမီယာလိဂ်ဖလား ဆွတ်ခူးပေးနိုင်မှုတူညီသွားပြီဖြစ်ပြီး နည်းပြ ဖာဂူဆန်တစ်ဦးတည်းသာ ပရီမီယာလိဂ်ဖလားကို ၁၁ ကြိမ်အထိ ဆွတ်ခူးပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။

ငွေကြယ်