၂၀၂၁ ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာဖူဆယ်အသင်းများ ဝင်ရောက်ယှဉ်ပြိုင်ရန်စီစဉ်

ရန်ကုန် ၊  ၃  ဇွန်   

၂၀၂၁ ခုနှစ်(၃၁)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ဖူဆယ်အားကစားနည်း ကို ဘောလုံးအားကစား နည်းနှင့်အတူ တစ်ပေါင်းတည်းကျင်းပမည်ဖြစ်ပြီး မြန်မာအမျိုးသားနှင့် အမျိုးသမီးအသင်းများ ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားသည်။

ထည့်သွင်းကျင်းပသွားမည်

၂၀၂၁ ဆီးဂိမ်းပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး ဗီယက်နမ်နိုင်ငံ အနေဖြင့် ၂၀၀၃ ခုနှစ်က ဆီးဂိမ်းပြိုင်ပွဲကို ပထမအကြိမ်အိမ်ရှင်အဖြစ် လက်ခံကျင်းပရာတွင် ဖူဆယ် အားကစားနည်း ထည့်သွင်းကျင်းပခြင်းမရှိသော်လည်း ယခုဒုတိယအကြိမ် လက်ခံကျင်းပရာတွင် ထည့်သွင်းကျင်းပသွားမည်ဖြစ်သည်။ ဆီးဂိမ်းပြိုင်ပွဲတွင် ဖူဆယ်အားကစားနည်းကို ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၀၇ ဆီးဂိမ်းပြိုင်ပွဲတွင် စတင်ထည့်သွင်းကျင်းပခဲ့ပြီး ၂၀၀၇၊ ၂၀၁၁၊ ၂၀၁၃ နှင့် ၂၀၁၇ ပြိုင်ပွဲလေးကြိမ်သာ ပါဝင်ခဲ့သည်။

အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် နိုင်ငံများအနေဖြင့် ဖူဆယ်အားကစားနည်းတွင် အားနည်းပါက ထည့်သွင်းကျင်းပခြင်းမရှိသောကြောင့် စတင်ထည့်သွင်းကျင်းပသည့်နောက်ပိုင်း ၂၀၀၉၊ ၂၀၁၅ နှင့် ၂၀၁၉ ပြိုင်ပွဲတို့တွင် ပါဝင်ခဲ့ခြင်းမရှိဘဲ ၂၀၂၁ ပြိုင်ပွဲမှသာ တစ်ကျော့ပြန်ပါဝင်လာခြင်းဖြစ်သည်။ ဖူဆယ်အားကစားနည်းပါဝင်သည့် လေးကြိမ်စလုံးတွင် အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲနှစ်ခုစလုံး ပါဝင် ခဲ့ပြီး မြန်မာအသင်းများအနေဖြင့် ပါဝင်သည့်အကြိမ်တိုင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

အရှေ့တောင်အာရှဒေသတွင်း ဖူဆယ်အမျိုးသား လက်ရွေးစင်အသင်းများအတွက် ဆီးဂိမ်းပြိုင်ပွဲအပြင် အာဆီယံဘောလုံးအဖွဲ့ချုပ်က ကျင်းပသည့် အာဆီယံဖူဆယ်ပြိုင်ပွဲ ယှဉ်ပြိုင်ရန်ရှိသော်လည်း အမျိုးသမီးလက်ရွေးစင်အသင်းများမှာမူ ဆီးဂိမ်းပြိုင်ပွဲမှလွဲ၍ အခြားပြိုင်ပွဲ ယှဉ်ပြိုင်ရန်မရှိသဖြင့် ဆီးဂိမ်းပြိုင်ပွဲတွင် ပါဝင်မှသာ ဖွဲ့စည်းရခြင်းဖြစ်သည်။

ဆီးဂိမ်းပြိုင်ပွဲတွင် ပါဝင်သည့် လေးကြိမ်စလုံး အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲနှစ်ခုစလုံးတွင် ထိုင်းအသင်း ကသာ ဗိုလ်စွဲခဲ့ပြီး မြန်မာအသင်းများအနေဖြင့် အမျိုးသမီးပြိုင်ပွဲတွင် ၂၀၁၁ တစ်ကြိမ်သာ ကြေးတံဆိပ် ရရှိဖူးကာ အမျိုးသားအသင်းမှာမူ ဆုတံဆိပ်ရယူနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

မြန်မာအသင်းအနေဖြင့် ဖူဆယ်အမျိုးသားနှင့် အမျိုးသမီး ပြိုင်ပွဲနှစ်ခုစလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပြီး ပြိုင်ပွဲယှဉ်ပြိုင်ရန် မကြာမီလေ့ကျင့်ပြင်ဆင်သွားမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသား ဖူဆယ်အသင်းသည် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြီးခဲ့သည့်နှစ်ကတည်းက စခန်းဝင်လေ့ကျင့်နိုင်ခြင်း မရှိဘဲ တစ်နှစ်ခွဲကျော်ကြာမှသာ ပြန်လည်လေ့ကျင့်ရမည်ဖြစ်သည်။

မြန်မာအမျိုးသမီး ဖူဆယ်လက်ရွေးစင်အသင်းမှာမူ ၂၀၁၇ မလေးရှားဆီးဂိမ်းပြိုင်ပွဲပြီးကတည်းက အသင်း ဖွဲ့စည်းထားခြင်း မရှိတော့ဘဲ လေးနှစ်ဝန်းကျင်ကြာမှသာတစ်ကျော့ပြန်ဖွဲ့စည်းပြီး ပြန်လည် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ထို့ကြောင့် မြန်မာအမျိုးသမီး ဖူဆယ်လက်ရွေးစင်အသင်းသည် ၂၀၁၇ မလေးရှားဆီးဂိမ်းပြိုင်ပွဲတွင် ယှဉ်ပြိုင်ပြီးနောက်ပိုင်း ဖွဲ့စည်းထားခြင်းမရှိတော့ဘဲ ယခုနှစ်မှသာ ပြန်လည်ဖွဲ့စည်းရမည်ဖြစ်သည်။ ဖူဆယ်လက်ရွေးစင်အသင်းများကို တာဝန်ယူကိုင်တွယ်မည့် နည်းပြ များကိုလည်း စခန်းဝင်လေ့ကျင့်သည့်အချိန်တွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်သည်။

သတင်း-ရဲရင့်လွင်