ရန်ကုန် ၂၃ မေ
၂၀၂၁-၂၀၂၂ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေး အခမ်းအနားကို မေ ၂၃ ရက် နံနက်ပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၊ အ.ထ.က-ထန်းတပင် အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင် အခြေခံပညာဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် ပညာရေးမှူး ဒေါက်တာသင်းမာလာက ကျောင်းဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ထားရှိမှု အစီအစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဇေယျာလင်းက ကျောင်းနေအရွယ်ကလေးများ၊ ကျောင်းတက်ရမည့် ကလေးများ ကျောင်းသို့ရောက်ရှိရေး အားလုံးဝိုင်းဝန်း ကြိုးစားဆောင်ရွက်ကြရန်တို့ကို ရှင်းလင်းအမှာစကား ပြောကြားသည်။
ထန်းတပင်မြို့နယ်အတွင်း ကျောင်းနေအရွယ် ကလေး၊ လူငယ်တိုင်း အခြေခံပညာ သင်ယူခွင့် ရရှိစေရန်၊ ကျောင်းအပ်နှံရေး အခွင့်အလမ်းများရရှိပြီး ကျောင်းတက်၊ ကျောင်းနေနှုန်း မြင့်မားလာစေရန်နှင့် အခမဲ့ပညာရေးစနစ်ကို ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျောင်းအပ်နှံရေးသီတင်းပတ်ကို မေ ၂၄ ရက်မှ မေ ၃၁ ရက်အထိ သတ်မှတ်ထားရှိကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)


