တောင်ကြီး၊ ၂၀ မေ

ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ မေ ၂၀ ရက် နံနက် ၈ နာရီက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဟိုပုံးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဒေသအဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများတို့ကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးခန်းမ၌ တွေ့ဆုံကြောင်း သိရသည်။

ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်အဖွဲ့ အဖွဲ့ဝင်များ၊ ဟိုပုံးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းအား တစ်ဦးချင်း မိတ်ဆက်ကြပြီး ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးမှ ဒေသအခြေအနေများအား တင်ပြရှင်းလင်းသည်။

ဆက်လက်၍ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် နိုင်ငံရေးစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုဇယားများ မရှိသေးပါက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဆောင်ရွက်ပေးရန် ပြောကြားလိုကြောင်း၊ လျှပ်စစ်ကဏ္ဍ၊ လမ်းပန်း၊ ဆက်သွယ်ရေးကဏ္ဍနှင့် လူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်ရေး စသည့်အချက် (၄)ရပ်နှင့်အညီ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ လျှပ်စစ်မီး မရရှိသေးသည့် ဒေသများတွင် လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ပေးရန်၊ လတ်တလော မလာရောက်သည့် ဝန်ထမ်းများ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်လာပါက လက်ခံဆောင်ရွက်ပေးရန်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဒေသဖွံ့ဖြိုးရေးအတွက် ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အားလုံး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီမှ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဟိုပုံးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့သို့ ထောက်ပံ့ငွေကျပ် (၁၀)သိန်းစီကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ပေးအပ်ရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် ဟိုပုံးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့မှ လက်ခံရယူကြသည်။

ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းနှင့် တာဝန်ရှိသူများသည် ဟိုပုံး အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းအား သွားရောက်၍ ကျောင်းဆောင်များ၊ စာသင်ခန်းများအား သွားရောက်ကြည့်ရှုရာ ကျောင်းအုပ်ဆရာမကြီးမှ ရှင်းလင်းပြီး ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်းက လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

ယင်းနောက် ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူတို့သည် ဆီဆိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဆီဆိုင်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့် တွေ့ဆုံရာ ဆီဆိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ ဒေသဆိုင်ရာ အချက်အလက်များ တင်ပြသည်။ ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက အမှာစကားပြောကြားပြီး ဆီဆိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့သို့ ငွေကျပ် (၁၀)သိန်း ထောက်ပံ့ပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်မှ လက်ခံရယူသည်။ ဆက်လက်၍ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူတို့သည် ဆီဆိုင်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ကာ ကျောင်းဆောင်များ၊ စာသင်ခန်းတို့ကို လှည့်လည်ကြည့်ရှုကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)