ငါးသိုင်းချောင်း၊ ၁၈ မေ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ရှိ သက္ကယ်ပြင်ကျေးရွာအုပ်စု၊ ညောင်မှော်ကျေးရွာအုပ်စုနှင့် မြက်တိုကျေးရွာအုပ်စုများတွင် မေ ၆ ရက်နှင့် ၇ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် ပြိုပျက်ခဲ့ရသော နေအိမ် (၈)လုံးရှိခဲ့ကြောင်း သိရှိရသည်။
အဆိုပါ လေဘေးသင့် ပြိုပျက်အိမ်ခြေ (၈)လုံးရှိ အိမ်ထောင်စုဝင်များသို့ ငါးသိုင်းချောင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးခန်းမ၌ မေ ၁၈ ရက် နံနက် ၁၁ နာရီတွင် ကယ်ဆယ်ရေးပစ္စည်း ထောက်ပံ့ပေးအပ်ခဲ့ရာ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ထောက်ပံ့ပေးအပ်သော ကယ်ဆယ်ရေးပစ္စည်း (Hygiene Kit) မိသားစုသန့်ရှင်းရေးသုံးပစ္စည်း (၁၉)မျိုးပါ ပုံး(၁)ပုံးနှင့် စောင်(၁)ထည်စီကို မြို့နယ်ကြက်ခြေနီအသင်းခွဲကိုယ်စား ငါးသိုင်းချောင်းမြို့ ကြက်ခြေနီအသင်းခွဲငယ်ဥက္ကဋ္ဌနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပေးအပ်ထောက်ပံ့ခဲ့သည်။
လေဘေးသင့် ပြိုပျက်အိမ်ခြေ(၈)လုံးတွင် သက္ကယ်ပြင်ကျေးရွာအုပ်စုမှ နေအိမ်(၆)လုံး၊ မြက်တိုကျေးရွာအုပ်စုနှင့် ညောင်မှော်ကျေးရွာအုပ်စုမှ နေအိမ်(၁)လုံးစီ စုစုပေါင်းနေအိမ် (၈)လုံး ပါဝင်ကြောင်း သိရှိရသည်။
စိုးမင်းဦး(ပြန်/ဆက်)


