တာချီလိတ်၊ ၁၀ မေ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၂)မှတစ်ဆင့် ထိုင်းနိုင်ငံမှ လွှဲပြောင်းပေးလာသော ပြစ်ဒဏ်စေ့ မြန်မာနိုင်ငံသားများကို မြန်မာတာဝန်ရှိသူများက လက်ခံခဲ့ကြကြောင်း သိရသည်။

 

အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံတွင် ပြစ်ဒဏ်ကျခံရပြီး လွှဲပြောင်းပေးလာသော မြန်မာနိုင်ငံသား အမျိုးသား ၂၉ ဦး၊ အမျိုးသမီး ၁၃ ဦး စုစုပေါင်း ၄၂ ဦးကို ထိုင်းတာဝန်ရှိပုဂ္ဂိုလ်များနှင့် မြန်မာ-ထိုင်း ဆက်ဆံရေးအရာရှိ ခရိုင်ရုံးမှ ဦးထွန်းတို့က မေ ၁၀ ရက် နံနက် ၁၁ နာရီတွင် ပြန်လည်ပို့ဆောင်ခဲ့ကြရာ မြန်မာတာဝန်ရှိပုဂ္ဂိုလ်များက စနစ်တကျ ပြန်လည်လက်ခံခဲ့ကြသည်။ ဆက်လက်၍ တပ်မတော် ဆေးတပ်ဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများမှ ကျန်းမာရေးစစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် RDT (Test kit) ဖြင့် Covid-19 ပိုး ရှိ/မရှိ စစ်ဆေးခဲ့ကြရာ Covid ပိုး ကင်းစင်ကြောင်း သိရှိရသည်။

 

လွှဲပြောင်းပေးလာသော အမျိုးသမီးများကို မြန်မာနိုင်ငံကြက်ခြေနီအသင်း မိသားစုပြန်လည်ဆက်သွယ်ပေးရေးဌာနမှ အမျိုးသမီးသုံးပစ္စည်း ၁၁ မျိုးပါ အသုံးအဆောင်ပစ္စည်းများကို ထောက်ပံ့ပေးခဲ့ကြပြီး တာဝန်ရှိသူများက မော်တော်ယာဉ်များ စီစဉ်ပေးကာ မိမိနေရပ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း၊ နေရပ်သို့ ပြန်လည်ရောက်ရှိပါက Quarantine ၁၄ ရက် ဝင်ရမည်ဖြစ်ကြောင်း သိရှိရသည်။

 

ယာဆေး(ပြန်/ဆက်)