တာချီလိတ်၊ ၁၀ မေ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့လေဆိပ်တွင် မေ ၈ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လေဆိပ်ရှိ ထိန်းချုပ်ရေးစင် (Control Tower) အမိုးများလန်ပြီး စင်တာရှိ မှန်များကွဲကာ လေဆိပ်ဝန်ထမ်း (၃)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
ယင်းနေ့ တာချီလိတ်ခရီးစဉ်အတွက် ပျံသန်းပြေးဆွဲသည့် ကမ္ဘောဇလေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်ကိုလည်း လေကြောင်းထိန်းသိမ်းရေးစင်တာတွင် စက်ပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးမှုများရှိသဖြင့် ဆင်းသက်မှုအခက်အခဲကြောင့် လေယာဉ်ကို နောက်ကြောင်းပြန်လှည့်ခိုင်းရကြောင်း သိရသည်။
လေဆိပ်ထိန်းချုပ်ရေးစင်တာအတွင်းရှိ စက်များကို စက်ပိုင်းဆိုင်ရာ အင်ဂျင်နီယာများမှ စစ်ဆေးမှုများပြုလုပ်လျက်ရှိပြီး လတ်တလောတွင် လေယာဉ်ဆင်းသက်မှုများကို ရပ်နားထားကြောင်း လေဆိပ်တာဝန်ရှိသူထံမှ သိရှိရသည်။
ယာဆေး(ပြန်/ဆက်)


