မန္တလေး၊ ၁၀ မေ
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ယာယီရပ်နားထားခဲ့ရသည့် ပြည်တွင်းလေကြောင်းခရီးစဉ်များအား ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု လျော့နည်းကျဆင်းသွားသဖြင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် ပြန်လည်ပြေးဆွဲခွင့် ပြုခဲ့သည်။
ပြည်တွင်းခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးရေးနှင့် ကုန်စည်ပို့ဆောင်မှု မြန်ဆန်စေရေးအတွက် မြန်မာနိုင်ငံအတွင်း အဓိကနေရာ ဒေသနှစ်ခု ခရီးစဉ်တစ်ကြောင်းတည်းဖြင့် ရောက်ရှိနိုင်ရန် မေ ၇ ရက်မှ စတင်ပြီး Air KBZ လေကြောင်းလိုင်းမှ ရန်ကုန် - မန္တလေး - ကလေး - မန္တလေး - ရန်ကုန် ခရီးစဉ်ကို စတင်ပြေးဆွဲပေးခဲ့သည်။ အပတ်စဉ် အင်္ဂါ၊ ကြာသပတေးနေ့တိုင်း ရန်ကုန်မြို့မှ နံနက် ၁၁ နာရီခွဲတွင် ထွက်ခွာပြီး မန္တလေးသို့ မွန်းလွဲ ၁ နာရီ ၅ မိနစ်တွင် ရောက်ရှိသည်။ ၎င်းမှ မန္တလေးလေဆိပ်မှ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်တွင် ထွက်ခွာပြီး ကလေးသို့ မွန်းလွဲ ၂ နာရီ ၂၅ မိနစ်တွင် ရောက်ရှိသည်။
ဆက်လက်၍ ကလေးလေဆိပ်မှ မွန်းလွဲ ၂ နာရီ ၅၅ မိနစ်တွင် ပြန်လည်ထွက်ခွာပြီး မန္တလေးလေဆိပ်သို့ ညနေ ၃ နာရီ ၄၅ မိနစ်တွင် ရောက်ရှိသည်။ ထို့နောက် လေယာဉ်သည် မန္တလေးလေဆိပ်မှ ညနေ ၄ နာရီ ၁၅ မိနစ်တွင် ပြန်လည်ထွက်ခွာရာ ရန်ကုန်လေဆိပ်သို့ ညနေ ၅ နာရီ မိနစ် ၅၀ တွင် ပြန်လည်ရောက်ရှိကြောင်း သိရသည်။
ကိုကိုကြီး(မန္တလေး)


