အိန္ဒိယနိုင်ငံတွင် တစ်ပတ်အတွင်း ကိုဗစ်-၁၉ လူနာသစ် ၁ ဒသမ ၅၇ သန်း ရောက်ရှိလာ

ဘင်္ဂါလူရူ ၈ မေ

သယ်ယူပို့ဆောင်ရေးဆိုင်ရာ ပြဿနာများနှင့် ထောက်ပံ့မှုမရှိ သောကြောင့် အိန္ဒိယနိုင်ငံ၏ ကာကွယ်ဆေးထိုးနှုန်း ထိတ်လန့် စရာကောင်းအောင် ရုတ်တရက် ကျဆင်းလာချိန်တွင် တစ်ဖက်က လည်းအိန္ဒိယနိုင်ငံ၌ မေ၇ ရက်က ကိုဗစ်-၁၉ ကပ်ရောဂါ မှတ်တမ်း တင်ပမာဏအထိ ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားပြီးနောက်တစ်ပတ်အတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူပေါင်း ၁ ဒသမ ၅၇ သန်းအထိ ရောက်ရှိလာသည်။

အိန္ဒိယနိုင်ငံ၏ အသေအပျောက်များသော ဒုတိယအကြိမ် ကိုဗစ်မှာ မလျော့သောနှုန်းဖြင့် ဆက်လက်ကူးစက်ဖြစ်ပွားလျက်ရှိရာ ယခုအခါ နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူ ပေါင်းမှာ ၂၁ ဒသမ ၄၉ သန်း ကျော်လွန်လာပြီဖြစ်သည်။

အိန္ဒိယနိုင်ငံတွင် မေ ၇ ရက် က လူဦးရေ ၄၁၄၁၈၈ ဦးအထိ ကိုဗစ်-၁၉ စံချိန်တင်ကူးစက် ဖြစ်ပွားပြီး သေဆုံးသူ ၃၉၁၅ ဦး တိုးလာမှုနှင့်အတူ စုစုပေါင်း သေဆုံးသူပေါင်းမှာ ၂၃၄၀၈၃ ဦးရှိလာခဲ့သည်။

အိန္ဒိယနိုင်ငံ၏ တကယ့် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား သေဆုံးနှုန်းမှာ တရားဝင်ဖော်ပြမှုထက် ငါးဆမှ ဆယ်ဆအထိ များနိုင်ကြောင်း ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများက ပြောသည်။ကိုဗစ်-၁၉ ဒုတိယအကြိမ်ကို လျင်မြန်စွာ မထိန်းချုပ်နိုင်ခဲ့သည့်အတွက် ဝန်ကြီးချုပ် နာရိန်ဒရာ မိုဒီကို ကျယ်ကျယ်ပြန့်ပြန့်ဝေဖန် လျက်ရှိသည်။

စီအင်န်အေ