ကော့ကရိတ် ၊  မေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ တောင်ကြာအင်းကျေးရွာအုပ်စုရှိ ဖားကျ​ကျေးရွာ၊ လောင်းကိုင်ကျေးရွာ အုပ်စု၊ သမိန်ဒွတ်ကျေးရွာအပါအဝင် အနီးပတ်ဝန်းကျင် ကျေးရွာများဖြစ်သည့် ကော့ဖောင်းကျေးရွာ၊ မိထလန်းနိုင်ကျေးရွာ၊ နောင်တလာကျေးရွာနှင့် ကမော့ကသူကျေးရွာတို့တွင် ရာသီပေါ်သီးနှံများဖြစ်သည့် ဒူးရင်းသီးများသည် ယခုနှစ်တွင် မိုးဦးကျစောသည့်အတွက် အထွက်နှုန်းကောင်း၍ အမြို့မြို့အနယ်နယ်ရှိ သစ်သီးအဝယ်ဒိုင်များက မှာယူသူများပြားပြီး ရာသီပေါ်သီးနှံ ရောင်းချသူများအနေဖြင့်  ရောင်းအားကျ လျက်ရှိကြောင်း မေ ၆ ရက်က ကော့ကရိတ် - ဘားအံကားလမ်းမဘေး ကိုးတိုင်ကျေးရွာမှ ရာသီပေါ်သီးနှံ ရောင်းချသူများထံမှ သိရသည်။

ကိုးတိုင်ကျေးရွာမှ ရာသီပေါ်သီးနှံရောင်းဝယ်လုပ်ကိုင်သူ ဦးစိုးဝင်းက “ဒူးရင်းသီးမှာ ယမန်နှစ်ကထက် စျေးအနည်းငယ်ပိုပေး၍ ဝယ်ယူရတယ်။ တစ်ခါဝယ်ရင်တော့ ငွေကျပ် သိန်း (၃၀)ဖိုးလောက် ဝယ်တာပေါ့။ ဒူးရင်းသီးက အရွယ်အစားအလိုက် စျေးပေးပြီးတော့ ဝယ်ရတာ၊ ဖောက်သည်စျေးအ​နေနဲ့ ဝယ်တဲ့အခါမှာ စျေးအများဆုံးက တစ်လုံးကို ငွေကျပ် ၄၅၀၀ ပေါ့၊ ငွေကျပ် ၃၅၀၀ မှ ၁၀၀၀ အထိ ပေးရတဲ့ အသီးတွေလဲ ရှိတယ်၊ အကြီးအသေးအပေါ် မူတည်ပြီးတော့ စျေးကွာတာပေါ့။ ဒီနှစ်မှာတော့ နေပြည်တော်၊ တောင်ကြီး၊ တောင်ငူမြို့မှာရှိတဲ့ သစ်သီးအဝယ်ဒိုင်တွေက လှမ်းမှာနေတဲ့အတွက် ဝယ်လက်ကတော့ ရှိတာပေါ့။ ဒါပေမဲ့ ယမန်နှစ်ကလိုမျိုး မဝယ်ရဲကြဘူး။ သစ်သီးအဝယ်ဒိုင်တွေက တစ်ရက်ကို ဒူးရင်းသီး အနည်းဆုံးအလုံးရေ ၃၀၀၀ လောက် လှမ်းမှာနေကြတာ။ ဒါပေမဲ့ အလုံးရေ ၂၀၀၀ လောက်ပဲဝယ်ပြီး ပို့ဖြစ်တယ်။ ကိုဗစ်-၁၉ ရောဂါကြောင့် ဘယ်အချိန်မှာ လမ်းတွေပိတ်မယ်ဆိုတာ မသိဘူးလေ။ ဒူးရင်းသီးက ပုပ်ကုန်တွေဆိုတော့ အချိန်ဆွဲထားလို့ မရဘူး။ ဒူးရင်းသီးကို ကျေးရွာတွေအထိ သွားရောက်ဝယ်ယူရတဲ့အတွက် ကိုယ့်လက်ထဲမှာပဲ တစ်ရက်လောက်က အောက်နေသေးတယ်။ အဲ့ဒါကြောင့် ထိန်းပြီးတော့ ဝယ်နေရတယ်”ဟု ပြောသည်။

ကိုးတိုင်ကျေးရွာရှိ ရာသီပေါ်သီးနှံဆိုင်တန်းများတွင် ဒူးရင်းသီး ခင်းကျင်းရောင်းချသူတစ်ဦးက “ယမန်နှစ်က ခရီးသွားပြည်သူများ၊ ဘုရားဖူးသွားပြည်သူများက ဒူးရင်းသီးများကို လမ်းကြုံဝယ်ယူအားပေးလို့ တစ်ရက်ကို ငွေကျပ် (၁၅) သိန်းအထိ ရောင်းရတယ်။ ယခုနှစ်မှာတော့ ခရီးသွားပြည်သူများ၊ ဘုရားဖူးသွား ပြည်သူများမှာ အသွားအလာမရှိသလောက် နည်းပါးလို့ တစ်ရက်ကို ငွေကျပ် (၁)သိန်းမှ (၃)သိန်းသာ ရောင်းရတဲ့အတွက် ရောင်းအားကျတယ်”ဟု ပြောသည်။

အဆိုပါကျေးရွာများတွင် ထွက်ရှိသည့် ဒူးရင်းသီးများကို နေပြည်တော်၊ ရန်ကုန်၊ တောင်ငူ၊ တောင်ကြီး၊ ဘီးလင်း၊ ကျိုက်ကော်၊ ပြင်သဇာ၊ မြဝတီ၊ ဘားအံမြို့တို့ရှိ သစ်သီးအဝယ်ဒိုင်များထံသို့ တင်ပို့ရောင်းချ လျက်ရှိကြောင်း ကော့ကရိတ်မြို့ရှိ ရာသီပေါ်သီးနှံ အဝယ်ဒိုင်များထံမှ သိရသည်။

စောအောင်မျိုးလွင် (ပြန်/ဆက်)

mdn