မေ ၆
ငှက်ပျောခြံစီးပွားဖြစ်လုပ်ကိုင်သူများ လုပ်သားရှားပါးမှုပြဿနာ ကြုံတွေ့နေရကြောင်း ပဲခူးတိုင်း ဒေသကြီးရှိ ရော်ဘာနှင့် ကြားသီးနှံအမျိုးမျိုး သီးညှပ်စိုက်ပျိုးနေသူများထံမှ သိရသည်။
“ဒီဒေသတဝိုက်မှာ ငှက်ပျောကို စီးပွားဖြစ်စိုက်ပျိုးသူ နည်းပါးတဲ့အတွက် သီးမွှေးငှက်ပျောသီးရဲ့ လက်လီဈေးကွက်အခြေအနေက မဆိုးပါဘူး။ လောလောဆယ်မှာ အခက်အခဲက ဘာဖြစ်နေသလဲ ဆိုတော့ ကျွမ်းကျင်လုပ်သား ပြဿနာတက်နေပါတယ်။ ငှက်ပျောခြံ စီးပွားဖြစ်စိုက်ပျိုးသူတွေအတွက် ငှက်ပျောသားတက်ထိုး၊ သားတက်ကိုင် ကျွမ်းကျင်တဲ့လုပ်သားတွေ လိုအပ်နေပါတယ်။ ဧရာဝတီတိုင်း ဘက်က ကျွမ်းကျင်လုပ်သားမျိုးတွေ ဒီဘက်မှာလည်း ရနိုင်မယ်ဆိုရင် ပဲခူးတိုင်းရဲ့ ငှက်ပျောသီး တင်ပို့ ရောင်းချမှုဈေးကွက်က ပိုပြီးတော့ အားကောင်းလာမှာပါ”ဟု ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်ရှိ ကြယ်စင်စိုက်ပျိုးရေးခြံ အမှတ်(၁)နှင့် အမှတ်(၂)တို့၏ စီမံအုပ်ချုပ်သူ ဦးခင်မောင်သက်က ပြောသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ငှက်ပျောခြံ စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်သူ အရေအတွက် အလွန်နည်းပါး သည့်အတွက် ဈေးကွက်ဝယ်လိုအား များပြားနေသည့် ငှက်ပျာခြံလုပ်ငန်းကို တိုးချဲ့လုပ်ကိုင်လိုကြသော် လည်း ဒေသတွင်း ငှက်ပျောစိုက်ပျိုးရေးကျွမ်းကျင်လုပ်သားများ ရှားပါးနေခြင်းဖြစ်သည်။
“ပဲခူးတိုင်းက ရော်ဘာခြံလုပ်ငန်းလုပ်သူတွေအနေနဲ့ ရော်ဘာကနေ ဝင်ငွေရလာဖို့ ခြောက်နှစ်၊ ခုနစ်နှစ်လောက် အချိန်ပေး စောင့်ဆိုင်းရတဲ့အတွက် ကြားထဲမှာ ကြားသီးနှံလေးတွေ ညှပ်စိုက်လိုက် တော့ စိုက်ပျိုးစရိတ်အတွက် ကာမိသွားပါတယ်။ အပိုဝင်ငွေရသွားတာပေါ့နော်။ မိုးဦးကျချိန်ဆိုရင် ရော်ဘာခြံထဲမှာ ရော်ဘာပင်ကြားထဲ ပြောင်းဖူးပင်တွေ သီးညှပ်စိုက်တယ်။ ပြောင်းဖူးစိုက်တာကတော့ နှစ်လခွဲလောက်ကြာတယ်။ အဲ့ဒီအတွက်လည်း အပိုဝင်ငွေရပါတယ်။ ပြောင်းဖူးစိုက်ပြီးတဲ့အခါ သီးမွှေးငှက်ပျောတွေကိုပါ စီးပွားဖြစ်တိုးချဲ့စိုက်တယ်။ သီးမွှေးငှက်ပျောက ဈေးကွက်လိုလားမှု များပြား တယ်။ ဒါပေမယ့်လည်း ကျွမ်းကျင်လုပ်သားတွေ ရရှိမှုအပိုင်းမှာ အားနည်းနေပါတယ်။ ငှက်ပျောပင် တွေကို ရော်ဘာပင်တွေကြားထဲ သီးညှပ်စိုက်ပျိုးမှုက လုပ်ကွက်ငယ်ရော်ဘာခြံ စိုက်ပျိုး ထုတ်လုပ် သူတွေအတွက် ရော်ဘာအစေးမခြစ်ခင်မှာ အပိုဝင်ငွေရရှိစေတဲ့ လုပ်ငန်းတစ်ခုပါ”ဟု ဦးခင်မောင်သက် က ပြောသည်။
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်အတွင်း စိုက်ပျိုးထွက်ရှိသည့် သီးမွှေးခွံဝါ ငှက်ပျောသီးများကို ပဲခူးမြို့၊ ရွှေကျင်မြို့၊ ညောင်လေးပင်မြို့များသို့ တင်ပို့ရောင်းချနေပြီး သီးမွှေးခွံဝါ ငှက်ပျောသီး တစ်ဖီးလျှင် လက်လီဈေး (၂၀၀၀)ကျပ်ဖြင့် ရောင်းဝယ်ဖောက်ကားနေကြောင်း သိရသည်။
နန်းထက်ထက်ချစ်


