ပဲခူး ၃၀ ဧပြီ
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် ဧပြီ ၂၈ ရက် နံနက်ပိုင်းက ပြည်မြို့ခုတင် (၅၀၀) ဆံ့ ပြည်သူ့ဆေးရုံသို့ရောက်ရှိရာ ဆေးရုံဝင်းအတွင်း သံကူကွန်ကရစ်ငါးထပ် အထွေထွေရောဂါကုဆေးရုံ အဆောက်အအုံသစ်ဆောက်လုပ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆေးရုံအတွင်းတာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံ၍ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေများကို လမ်းညွှန်မှာကြားခဲ့ကာ ဆေးရုံ၌ တက်ရောက်ကုသနေသည့်လူနာများအား လိုက်လံကြည့်ရှု၍ အားပေးစကားပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့သည် ဇီးအုပ်ကျေးရွာအုပ်စုအတွင်းရှိတောင်သူလယ်သမားသင်တန်းကျောင်းသို့ ရောက်ရှိခဲ့ရာ ဒေသခံတောင်သူလယ်သမားများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ တောင်သူများအတွက် နွေစပါးစိုက်ပျိုးရန် ရေလိုအပ်ချက်အား သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ တက်ရောက်လာသည့် ဒေသခံတောင်သူများအား ဟင်းသီးဟင်းရွက် ၁၀မျိုးပါသီးနှံမျိုးစေ့များ အခမဲ့ ဖြန့်ဝေပေးခဲ့ပြီးနောက် သင်တန်းကျောင်းအတွင်းရှိ စာသင်ခန်းမ၊ အိပ်ဆောင်၊ ထမင်းစားဆောင်နှင့် စပါး၊ ငါး၊ ဝက်၊ ကြက်၊ ဘဲ ဘက်စုံစိုက်ပျိုးမွေးမြူရေး စုပေါင်းလယ်ယာစနစ် ဆောင်ရွက်နေမှုကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ပြည်မြို့ ကြည်သာအေးမြ ဘုန်းတော်ကြီးကျောင်း ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တကောသလ္လနှင့် ဓမ္မသိင်္ဂီမင်းကျောင်း တိုက် ကျောင်းထိုင်ဆရာတော် ဒေါက်တာဘဒ္ဒန္တပညာစက္ကတို့အား သွားရောက်ဖူးမြော်ကန်တော့ကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း၊ သိရသည်။ ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံခဲ့ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ ရှေ့ဆက်ဆောင်ရွက်မည့် Road Map (၅)ချက်၊ နိုင်ငံ့ဝန်ထမ်းတစ်ဦးချင်းစီ သိရှိလိုက်နာရမည့် အခြေခံအချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသည့် ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများက ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက် လမ်းညွှန်မှာကြားခဲ့ပြီးနောက် ပြည်ခရိုင် ပန်းတောင်း မြို့နယ်ရှိ ဆုတောင်းပြည့် ရှေးဟောင်းရွှေဘုံသာ မုနိစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော် ကန်တော့ပြီး ဘက်စုံပြုပြင်နိုင်ရေးအတွက်အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကာ နဝဒေးတံတား ချဉ်းကပ်လမ်း ပြည်ဘက်ကမ်း ကတ္တရာကွန်ကရစ် AC ခင်းခြင်း လုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
တင်စိုး(ပဲခူး)


