ရန်ကုန် ၃၀ ဧပြီ 

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ရွေးချယ် တင်မြှောက်ပွဲကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြားလမ်းရှိ ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ(FDC)ခန်းမ၌ ကျင်းပသည်။

ရွေးချယ်တင်မြှောက်ပွဲသို့ မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီဝင် ရွေးချယ်တင်မြှောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာတင်ထွန်း(သထုံတင်ထွန်း)နှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ယာယီဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်တင်နှင့် ကောင်စီဝင်များ၊ ရွေးချယ်ခံမည့် ကောင်စီဝင်လောင်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

ရှေးဦးစွာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ရွေးချယ်တင်မြှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ တင်ထွန်း(သထုံတင်ထွန်း)က အဖွင့်အမှာစကားပြောကြားပြီး အတွင်းရေးမှူးဒေါက်တာဒေါ်သီတာတင် က ဆန္ဒမဲပေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ကောင်စီဝင်လောင်းများကို ဆန္ဒမဲပေးပြီး ရွေးချယ်ကြရာ ဒေါ်ခင်သန်းနွဲ့ (မမလားရှိုး)၊ ဦးနေလင်း(မောင်ချိုဝေ)နှင့် ဦးစိုးမင်းတို့ကို ကောင်စီဝင်များအဖြစ် ရွေးချယ်တင်မြှောက်ကြသည်။

ယင်းနောက် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင် ရွေးချယ်တင်မြှောက်ရေးအဖွဲ့ ဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြောကြားသည်။

ယနေ့တွင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ၌ လစ်လပ်နေရာ သုံးနေရာအတွက် ကျန်ရှိနေသည့် ကောင်စီဝင်လောင်း ခြောက်ဦးအနက် သုံးဦးကို ရွေးချယ်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်