နေပြည်တော် ၃၀ ဧပြီ

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပုဂံ-ညောင်ဦးလေဆိပ် ဧည့်ခန်းမဆောင်၌ ဝန်ကြီးဌာနလက်အောက်ရှိဌာန၊ အဖွဲ့အစည်းရှစ်ခုမှ တာဝန်ခံ အရာထမ်း၊ အမှုထမ်းများ၊ ပုဂံ-ညောင်ဦးလေဆိပ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားသည်။

ထောက်ပံ့ပေးအပ် 

ယင်းနောက် တာဝန်ခံများက ဌာန၊ အဖွဲ့အစည်းအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးက ဝန်ထမ်းများ အားစားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်သည်။
ထို့နောက် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်(ပူးတွဲ) ဦးကျော်စိုး က ပုဂံ-ညောင်ဦးလေဆိပ် VIP ခန်းမဆောင်၌ ပုဂံ-ညောင်ဦးလေဆိပ်သို့ ပြည်တွင်း/ပြည်ပ ခရီးသည်များ ဝင်/ထွက်သွားလာမှု အဆင်ပြေစေရေးအတွက် လေဆိပ်အဆင့်မြှင့်တင်ထားရှိမှုနှင့် ယခုဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် လက်ရှိလေယာဉ်ပြေးလမ်း၊ လေယာဉ်ရပ်နားရန်နေရာတို့အား နိုင်လွန် ကတ္တရာထပ်ပိုးလွှာတင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက နိုင်လွန ကတ္တရာထပ်ပိုးလွှာတင်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် သတ်မှတ်အရည်အသွေးပြည့်မီကောင်းမွန်စေရန် အရည်အသွေးထိန်းသိမ်းရေးအဖွဲ့ ထားရှိရေး၊ လေယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် Night Landing Facilities များ သတ်မှတ်ချက်နှင့်အညီ ထားရှိနိုင်ရေးဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်ချက်များကို ဖြည့်စွက်မှာကြားသည်။

ယင်းနောက် ပုဂံ-ညောင်ဦးလေဆိပ်တွင် လေယာဉ်ဆီ တင်သွင်း/သိုလှောင် ဖြန့်ဖြူးရောင်းချ နိုင်ရေးနှင့်ပတ်သက်၍ Fuel Farm တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို Golden Myanmar Airlines Public Co.,Ltd. အမှုဆောင်အရာရှိ ဦးကျော်ငြိမ်းက ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒုတိယဝန်ကြီးက နိုင်လွန်ကတ္တရာ ဖျော်စက်တပ်ဆင်နေမှုနှင့် တည်ဆောက်ရေးပစ္စည်းများ စုဆောင်းထားရှိမှုများ၊ လုပ်ငန်းသုံးစက်ယာဉ်/ ယန္တရားများ ရောက်ရှိမှုအခြေအနေများနှင့် Golden Myanmar Airlines Public Co.,Ltd.ch Fuel Farm တည်ဆောက်ပြီးစီးသည့် အခြေအနေတို့ကို ကြည့်ရှု စစ်ဆေးပြီး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရေးနှင့် သတ်မှတ် ကာလအတွင်း စံချိန်စံညွှန်းပြည့်မီစွာ အချိန်မီပြီးစီးရေး ဆောင်ရွက်သွားကြရန် ဖြည့်စွက်မှာကြားသည်။

သတင်းစဉ်