ရန်ကုန်၊  ၄  ဖေဖော်ဝါရီ  

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားမှ ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေတစ်ရပ်ကြောင့် ယာယီ ရပ်နားထားခဲ့ရာမှ ယခုအခါ နိုင်ငံတစ်ဝန်း ခရီးသွားပြည်သူများ အဆင်ပြေစေရန်အတွက် ဖေဖော်ဝါရီ ၄ ရက် (ယနေ့)တွင် ခရီးစဉ်များအား စတင်ပြေးဆွဲပေးပြီဖြစ်ရာ ယင်းသို့ပြေးဆွဲရာတွင် ခရီးသွားပြည်သူများအနေဖြင့် မည်သည့် ထောက်ခံချက်၊ ထောက်ခံစာမှ မလိုဘဲ မှတ်ပုံတင်တစ်ခု တည်းပါရုံဖြင့် ယခင်မူလအတိုင်း ရထားလက်မှတ်များကို ဝယ်ယူလိုက်ပါစီးနင်းနိုင်မည် ဖြစ်ကြောင်း  မြန်မာ့မီးရထားမှ သိရသည်။

 

မြန်မာ့မီးရထားကနေနဲ့ ဒီကနေ့ (ဖေဖော်ဝါရီ ၄) ရက်မှာ ရန်ကုန်အခြေစိုက်ရထားတွေနဲ့ တိုင်းဒေသအသီးသီးမှာ ရပ်နားထားတဲ့ ဟိုင်းဝေး လူစီး ရထားတွေကို စတင် ပြေးဆွဲပေးပါတယ်၊ ပြေးတဲ့အခါမှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်သွား မှာဖြစ်တယ်၊ အဲဒီလို ပြေးဆွဲပေးတဲ့အခါ ရထားလက်မှတ်ဝယ်ယူမယ့် ခရီးသည်များအနေဖြင့် ယခင်မူလ အတိုင်း မှတ်ပုံတင်ပဲ လိုအပ်ပါတယ် ” ဟု မြန်မာ့မီးရထားမှ ဦးဇော်လွင် (လက်ထောက်အထွေေထွေ မန်နေဂျာ/ သွားလာရေး တိုင်းအမှတ်-၇) မှ ပြောကြားသည်။

 

မြန်မာ့မီးရထားအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ဒုတိယအကျော့ စက်တင်ဘာ ၂၅ ရက်မှ စတင်ကာ ဟိုင်းဝေးလူစီးအမြန်ရထားများ ပြေးဆွဲပေးမှုကိုရပ်ဆိုင်ခဲ့ပြီး ယခုအခါ လေးလကျော် ကြာ မြင့်ခဲ့ပြီဖြစ်သည်။ ယနေ့ ဖေဖော်ဝါရီ ၄ ရက်တွင် စတင်ပြေးဆွဲပေးခဲ့သော ရန်ကုန်အခြေပြု ဟိုင်းဝေး ရထားများမှာ ရန်ကုန်- မန္တလေး လမ်းပိုင်းတွင် ၃ (အဆန်) နှင့် ၄ (အစုန်) ကိုလည်းကောင်း၊ ၅ (အဆန်)နှင့် ၆ (အစုန်) အစုန်/ အဆန် လေးစီးကိုလည်းကောင်း၊ ရန်ကုန်- မော်လမြိုင်လမ်းပိုင်းတွင် ၈၃ (အဆန်) နှင့် ၈၄ (အစုန်)ကိုလည်းကောင်း၊ ရန်ကုန်- မော်လမြိုင် - ရေး လမ်းပိုင်းတွင်  ၈၁ (အဆန်) နှင့် ၈၂ (အစုန်)ကို  ကိုလည်းကောင်း၊ ရန်ကုန်  ကြည့်မြင်တိုင် ဘူတာမှ - ပြည်လမ်းပိုင်းတွင် ပြေးဆွဲပေးသော စာပို့ရထား ၆၃ (အဆန်)ကိုလည်းကောင်း၊  RBE ရထားတွဲဆိုင်းများဖြစ်သော ရန်ကုန်- ပဲခူး၊ ရန်ကုန်- ဥက္ကံ ရထားများကို လည်းကောင်း ယခင်မူလအချိန်အတိုင်း စတင်ပြေးဆွဲပေးခဲ့သည်။ 

 

အလားတူ ဖေဖော်ဝါရီ ၅ ရက်တွင် ရန်ကုန်- ပြည် လမ်းပိုင်းတွင်  အမှတ် ၇၁ (အဆန်) နှင့် ၇၂ (အစုန်) ကိုလည်းကောင်း၊ ရန်ကုန်- ပုဂံ လမ်းပိုင်းတွင် ၆၁ (အဆန်)နှင့်  ၆၂ (အစုန်) ကိုလည်းကောင်း၊ ရန်ကုန်(ကြည့်မြင်တိုင်) - သာရဝေါ လမ်းပိုင်းတွင် ၆၉ (အဆန်)နှင့် ၇၀ (အစုန်)ကိုလည်းကောင်း၊ ရန်ကုန်- မန္တလေး လမ်းပိုင်းတွင် ၁၁ (အဆန်)နှင့် ၁၂ (အစုန်) ကိုလည်းကောင်း၊ ရန်ကုန်- နေပြည်တော် လမ်းပိုင်းတွင် ၇ (အဆန်)နှင့် ၈ (အစုန် )ကိုလည်းကောင်း၊ ရန်ကုန်- မော်လမြိုင်လမ်းပိုင်းတွင် ၈၉ (အဆန်)နှင့်  ၉၀ (အစုန်) ရထားကိုလည်းကောင်း၊ ရန်ကုန်  (ကြည့်မြင်တိုင်) - ပြည်လမ်းပိုင်းတွင် ပြေးဆွဲပေးသော စာပို့ရထား ၆၃ (အဆန်)နှင့် ၆၄ (အစုန်) ရထားများကို ယခင်မူလပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။

 

ယင်းသို့  ပြေးဆွဲပေးရာတွင် မြန်မာ့မီးရထားအနေဖြင့် ခရီးသည်များအား ဘူတာမှ ရထား ပေါ်တက်သည်အထိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ Mask တပ်၊ လက်ဆေး၊ အပူချိန်တိုင်း စစ်ဆေးမှုများကို စနစ်တကျ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး  ခရီးသည်များ၏ ကိုဗစ်-၁၉ နှင့်  ပတ်သက်သော ဘေးအန္တရာယ် ကင်းရှင်းရေးကို ဉီးစားပေး ဆောင်ရွက်သွားမည်ဖြစ်သည်။ လက်မှတ်များကိုလည်း ယခင်နှုန်းထားအတိုင်း ပြောင်းလဲမှု မရှိဘဲ ရောင်းချပေးသွားမှာဖြစ်ပြီး ယခင် နှစ်ယောက်ထိုင်ခုံအား ယခုအခါ တစ်ဉီးတည်း လိုက်ပါစီးနင်းနိုင်မည်ဖြစ်သည်။

 

ခရီးသည်များ လက်မှတ်ဝယ်ယူရာတွင် အထက်တန်း ၃ ရက်အကြို၊ ရိုးရိုးတန်း တစ်ရက်ကြို  ရောင်းချပေးမှာဖြစ်ပြီး လက်ကျန်လက်မှတ်များကို ထွက်မည့်နေ့တွင် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်သည်။ ရထားထွက်မည့် အချိန်စာရင်းများကိုလည်း ဘူတာအသီးသီးတွင် ကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မောင်စိန်လွင်(မြန်မာ့အလင်း)၊ ဓာတ်ပုံ- မင်းထက်