ရန်ကုန် ၃၁ ဇန်နဝါရီ
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနှင့်ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့အစည်း (ယူနက်စကို)တို့ ပူးပေါင်း၍ သတင်းမီဒီယာကျင့်ဝတ်ဆိုင်ရာ ဆွေးနွေးပွဲကို ကျင့်ဝတ်လိုက်နာသော သတင်းသမားနှင့် အမည်ခံသတင်းသမား ပြဿနာခေါင်းစဉ်ဖြင့် ယနေ့ နံနက် ၁၁ နာရီခွဲ တွင် အွန်လိုင်းဖြင့် ပြုလုပ်ခဲ့သည်။
ရှေးဉီးစွာ ယာယီဉက္ကဌ ဒေါက်တာမျိုးသန့်တင်က အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားပြီး၊ ဒုတိယ ဥက္ကဌ(၂) ဦးကျော်နိုင်(ထက်မြက်)က အမှာစကားပြောကြားသည်။
ဆွေးနွေးပွဲတွင် ညှိနှိုင်းရေးမှူးအဖြစ် ဦးကျော်စွာမင်း (အတွင်းရေးမှူး၊ မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီ)က ဆောင်ရွက်ပြီး ဦးကျော်ဇေယျ (ဥပဒေပညာရှင်နှင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်)၊ ဦးဇေယျာလှိုင် (မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်)၊ ဒေါ်လွတ်လပ်စိုး (စီမံကိန်း ဒါရိုက်တာ၊ မြန်မာမီဒီ ယာဖွံ့ဖြိုးရေးစင်တာ (CMMD) သတင်းပညာသင်တန်းကျောင်း)နှင့် Mr. Ariel Sebellino ၊ Executive Director ၊ Philippine Press Institute တို့က ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလတွင် သတင်းမီဒီယာများသည် စတုတ္ထမဏ္ဍိုင်အဖြစ် အားကောင်းစွာရပ်တည်နိုင်ရေး၊ ကျင့်ဝတ်မလိုက်နာသည့် အယောင်ဆောင်သတင်းသမားများ၏ လက်ရှိပကတိ အခြေအနေများ၊ ကျင့်ဝတ်မလိုက်နာသည့် သတင်းသမားနှင့် အယောင်ဆောင်သတင်းသမားများအား အရေးယူ ဆောင်ရွက်နေမှုအခြေအနေ ၊ ဖိလစ်ပိုင်နိုင်ငံက ဆောင်ရွက်နေသည့် ကျင့်ဝတ်ဆိုင်ရာ နည်းလမ်းများ၊ သတင်းမီဒီယာဥပဒေ နည်းဥပဒေနှင့် ကျင့်ဝတ်များ ဖြည့်စွက်ပြင်ဆင်ပြဌာန်းရေး၊ သတင်းစာ သင်တန်းကျောင်းများ ပိုမိုဖွင့်လှစ်ရေးနှင့် ကျင့်ဝတ်ဘာသာရပ်များ သင်ကြားပေးရေး၊ အစိုးရမှ ပါဝင်ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးကြသည်။
မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနှင့် ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့အစည်း (ယူနက်စကို)တို့ ပူးပေါင်းပြီးဆွေးနွေးပွဲများကို လစဉ်ပုံမှန် ပြုလုပ်သွားမည်ဖြစ်သည်။
(ကျော်စွာမင်း)


